Thursday, 8 November 2012

ရွာသာကြီးသို့ အလည်တစ်ခေါက်(၂)

ရေးရင်းနဲ့ စာတွေအရမ်းများသွားလို့ အပိုင်းလိုက်ခွဲပြီး ရေးတင်တာကို အရင်ဆုံး သွေ့ပုချိ... ကဲ..ဆက်ရေးမယ်ကွယ်။
မိန်းကလေးဆောင်ကနေ တာတာ့၊ ဘိုင်ဘိုင် တွေလုပ်ပြီး ယောက်ျားဆောင်ကို ချီတက်လာတာပေါ့။ ယောကျာ်းဆောင်ရောက်တော့  မိန်းကလေးဆောင်မှာလိုမျိုးပဲ အဆောင်ရှေ့က ကော်ရစ်ဒါမှာ တန်းစီပြီး ထိုင်နေကြတာကို တွေ့ရတယ်။  ကျွန်မတို့ရောက်လာတော့ အဖိုးတစ်ယောက်က ဦးဆောင်ပြီး ကျေးဇူး တင်စကားပြောတယ်။ (မိန်းကလေးဆောင်မှာလိုတော့ ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြီး သီချင်း တွေဘာတွေတော့ မဆိုပြဘူးပေါ့လေ။ ) ကျေးဇူးတင်စကားပြောပြီးတဲ့အခါ လိုအပ်သည်များကို ဝေငှတဲ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရတာပေါ့။ ဒီတစ်ခါတော့ ကျွန်မတို့မိန်းကလေးတွေက အဆောင်ဝ မှာပဲ နေခဲ့ရပြီး ယောက်ျားလေးတွေက လိုက်ဝေငှပါတယ်။ ဒီတစ်ခါ ပေးတဲ့အထဲမှာတော့ ဆေးပေါ့လိပ် တွေပါ ထည့်ဝေကြတယ်။ (ကျေးဇူးပြု၍ ကျန်းမာရေးရှူထောင့်ဘက်ကကြည့်ရင် ဘာညာ မပြောပါနှင့်) အဖိုး တစ်ယောက်က ဝေတဲ့မုန့်တွေကို မယူဘဲနဲ့ တစ်ယောက်တည်း ထိုင်နေတာကိုတွေ့တဲ့ ဆရာမက သားကြီးမုန့်မယူဘူးလားဆိုတော့ မကြိုက်ဘူးတဲ့။ ဆေးပေါ့လိပ်ရော သောက်မလားဆိုတော့ ဘာတံဆိပ်လဲ တဲ့။ သူငယ်ချင်းတစ်ယောက်က ဆေးပေါ့လိပ်နာမည်ကို ရွတ်ပြတယ်။ သူအဲဒီတံဆိပ်မသောက်ဘူးတဲ့။ ရွှေလမင်းမှ ဆိုလား။ အဲဒါနဲ့ ခုနက ဆေးလိပ်နာမည်ပြောတဲ့ သူငယ်ချင်းက နောက်တစ်ယောက်ကို လှမ်းအော်တယ်။ ရွှေလမင်းကျန်သေးလားဆိုတော့ နောက်တစ်ယောက်ကလည်း ချက်ချင်းအထာပေါက်ပြီး ရော့ ရွှေလမင်းဆိုတော့ အဲဒီအဖိုးက ၀မ်းသာအားရ လှမ်းယူတယ်။ သူတို့ကို ကြည့်ပြီး ရီနေရတယ်။ နောက်ထပ်တစ်ယောက်ကတော့ ပစ္စည်းတွေကို ၀ိုင်းသယ်ပေးတဲ့ တစ်ယောက်။ သူကျတော့ သူ့အဆောင်ကို ပစ္စည်းဝေပေးပြီးတော့ ပိုတဲ့ အထုပ်လေးတွေ ပြန်လာထားရင်းနဲ့ ဆရာမ ကျွန်တော် မရ သေးဘူးတဲ့။ လက်ထဲမှာရှိတာပဲ ယူထားလိုက်လေဆိုတော့ ကျွန်တော်ကဝေတဲ့သူမို့လို့ပါတဲ့။ အဲဒါနဲ့ သူ့ခြင်းထဲက အထုပ်တစ်ခုကို နှိုက်ပြီး သူ့ကို ပေးလိုက်ရတယ်။ စိတ်ချို့ယွင်းနေပေမယ့် အကျင့် စာရိတ္တတော့ မချို့ယွင်းသူမို့ လေးစားမိပါတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ သူလိုက်ဝေ တဲ့မုန့်ကို သူ့ကို ပြန်လာပေးသွားတယ်ပြောတယ်။ သူက ဘာလို့လဲ မေးတော့ ဗိုက်အောင့်နေလို့တဲ့။ ကိုယ်အတွက် အသုံးမတဲ့တဲ့အရာကို ဆုပ်ကိုင်မထားဘဲနဲ့ ကျန်တဲ့သူတွေကို ဝေငှပေးတဲ့ စိတ်ကို မချီးကျူးဘဲ မနေနိုင်လောက်အောင်ဘဲ။ 
ရီစရာတစ်ခုက ကျွန်မတို့အဆောင်ကို ရောက်ရောက်ချင်း အပေါက်ဝမှာ ဘုန်းကြီး ၂ပါးနဲ့  တရားဆွေးနွေးနေတဲ့ သူတစ်ယောက်ကို မြင်ခဲ့ရတယ်။ လူပုံက သပ်သပ်ရပ်ရပ်နဲ့ ပုဆိုးနဲ့ ရှပ်အကျီအဖြူ  ၀တ်ထားတော့ လူနာတွေကို လာကြည့်တဲ့သူပဲထင်ထားတာ။ နောက် သူတို့က ကျွန်မတို့ အဖွဲ့ဆီလာပြီး စကားလာပြောတော့မှာ သူလည်း စိတ်ဝေဒနာရှင်မှန်းသိကြရတယ်။ သူက တရားဆွေးနွေးမယ်ဆိုပြီး ခုံတွေယူပေးပြီး အားလုံးကို ၀ိုင်းထိုင်ခိုင်းပြီး တစ်ယောက်ချင်းစီကို အသက်ဘယ်လောက်လဲ လိုက်မေးနေတော့ ကျွန်မသူငယ်ချင်းတွေကလည်း သူမေးသမျှ ရိုရိုသေသေနဲ့ အမှန်အကန် ပြန်ဖြေကြ လေရဲ့။ ကျွန်မကတော့ ဦးဆောင်လိုက်ပြပေးတဲ့ စစ်စတာကြီးကို အင်တာဗျူးနေတာမို့လို့ စကားဝိုင်းထဲ မပါလိုက်ရဘူး။ အဲဒီတစ်ယောက်ကတော့ သူများကို အရမ်းကူညီပေးချင်တဲ့ စိတ်ကြွနေတဲ့သူလို့  ဆရာမကြီးက ပြောပြတယ်။ စိတ်ကြွနေတဲ့ ဝေဒနာရှင်တွေကတော့ သူတို့ရဲ့ စိတ်ကူးကမ္ဘာလေး ထဲမှာ ပျော်မွေ့နေပေမယ့် စိတ်ကျနေတဲ့ဝေဒနာရှင်တွေကတော့ သူတို့ ကမ္ဘာလေးထဲက ရုန်းမထွက်နိုင်သူမို့ ပိုပြီး သနားစရာကောင်းကြောင်း ဆရာမကြီးက ရှင်းပြတယ်။ သူက သောတာပန်တည်ဖို့ ၁၀ မိနစ်ပဲ အချိန်ပေး၊ သူနည်းလမ်းပြောမယ်ဆိုပြီး သူ့မှတ်စု စာအုပ်ကို အကျအန ဖွင့်နေတုန်း အချိန်မရှိတော့တာနဲ့ ကျွန်မတို့လည်း အမြန်ပြန်ထွက်လာရတယ်။ သူကတော့ နောက် တစ်ခေါက်လာရင် သူ သေချာပြောမှာ ဖြစ်ကြောင်းပြောရင်း ကိုရီးယားလို အညာဆယ်ရော နှုတ်ဆက်ပြီး ကျန်ခဲ့လေရဲ့။ 
နောက်ထပ်တွေ့ရတဲ့တစ်ယောက်တော့ ခြေထောက်ကို ကြိုးချီထားရတဲ့ စွန်းဝူခုန်းပဲဖြစ်ပါတယ်။ သူက သူ့ကိုယ်သူ စွန်းဝူခုန်းဆိုပြီး ခုန်နေလို့ ခြေထောက်ကို ကြိုးချီထားရတာတဲ့။ ခေါင်းမှာလည်း ထိပ်ပေါက် ထားလေရဲ့။ ဆရာမကြီးက ၀ူခုန်း အရမ်းရမ်းမခုန်နဲ့နော်. ခေါင်းပေါက်မယ်ဆိုတော့ ဟုတ်ကဲ့တဲ့။ ကျွန်မ တို့လည်း စွန်းဝူခုန်းဘာလုပ်နေလဲဆိုတော့ ထမင်းစားနေတာ။ လာလှူကြတာလားတဲ့။  ပြန်နှုတ်ဆက် တယ်။ ဆိုရှယ်ကောင်းတဲ့ စွန်းဝူခုန်းပါပဲ။ နောက်တစ်ယောက်ကလည်း ဧည့်သည်တွေကို သီချင်းဆိုပြ ချင်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့ သီချင်းကို ဌာ‍န်က​ရိုဏ်းကျကျ အသံကောင်းကောင်း နဲ့ ဆိုပြလေရဲ့။ သီချင်းက ကောင်းလိုက်တာ ဘယ်သူစပ်တာလဲဆိုတော့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့။ အဲဒီသီချင်းရေးတဲ့ဆရာကြားရင်တော့ ဘာပြောမလဲမသိ။ အသက်ကိုးနှစ်ကတည်းက ရောက်နေကြတဲ့ ညီအစ်ကိုနှစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်။ ဘယ်လိုကြောင့် ရောက်လာလဲ ဆိုတာတော့ မမေးဖြစ်ခဲ့ဘူး။ သူတို့အချင်းချင်းတော့ ညီအစ်ကို ဖြစ်မှန်းသိကြတယ်။
အဲဒီမှာရောက်နေကြတဲ့ တချို့ဝေဒနာရှင်တွေကို မိသားစုတွေက လာပို့တဲ့သူတွေရှိသလို စည်ပင်တို့၊ ရဲတို့ကနေ တဆင့် ရောက်လာကြတဲ့ သူတွေလည်းရှိကြောင်းသိရတယ်။ စကားကြုံတုန်း အမျိုးသမီး ဝေဒနာရှင် နဲ့ အမျိုးသားဝေဒနာရှင် ဘယ်သူကပိုများလဲ လို့ ဆရာမကြီးကို မေးကြည့်လိုက်တော့ အမျိုးသားဝေဒနာရှင်တွေက ပိုများကြောင်းပြောပြတယ်။ အဲဒါနဲ့ တဆက်တည်း ဆရာမကြီး ဆက်ရှင်းပြတဲ့ စကားကြောင့် စိတ်မကောင်းဖြစ်မိတယ်။ အမျိုးသားဝေဒနာရှင်တွေက ပိုများပေမယ့် အမျိုးသမီးဆောင်က ပိုပြီးချို့တဲ့တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဝေဒနာရှင်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ ဇနီးမယား တွေက သူတို့ဘယ်လောက်ပဲ ဆင်းရဲချို့တဲ့ပါစေ၊ ဘယ်လောက်ပဲ နှိပ်စက်ခံရပါစေ တတ်နိုင်သလောက် လာပြီး ထောက်ပံ့ကြတယ်။ အမျိုးသမီးဆောင်မှာကျတော့ သူတို့ရဲ့ ယောက်ျားတွေက ၂ခါ ၊ ၃ ခါ အပြင် လာမကြည့်တတ်ကြဘူး။ တချို့တွေဆိုရင် အိမ်လိပ်စာအမှားတွေပေးပြီး ပျောက်သွားကြလို့ အမျိုးသမီး ဆောင်က ပိုချို့တဲ့တယ်တဲ့။
လိပ်စာအမှန်မရှိဘဲ နေပြန်ကောင်းသွားတဲ့ ဝေဒနာရှင်တွေအတွက်ရော ဘယ်လိုလုပ်ပေးလဲ မေးတော့ ဆေးရုံမှာ ဆက်သွယ်ရေးမှူး ၃ယောက်ခန့်ထားတဲ့အကြောင်း၊ သူတို့က ဆက်သွယ်စုံစမ်းပြီး ပြန်ပို့ပေးတဲ့ အကြောင်း၊ တစ်ချို့ဝေဒနာရှင်တွေဆိုရင် အိမ်နဲ့လည်းအဆက်အသွယ်မရှိဘဲ ၂နှစ် ၃ နှစ်အကြာ နေကောင်းသွားပြီး ပြန်ပို့ပေးမှသာ အိမ်တွေက ဆေးရုံရောက်နေတယ် လို့ သိရှိကြရကြောင်း၊ ဆက်သွယ်ရေးမှူးတွေက အိမ်လိပ်စာစုံစမ်းပြီးပြန်ပို့တဲ့တာဝန်သာမက  တချို့ လက်မှတ်လိုချင်လို့ နှစ်ပတ် သုံးပတ် ဆေးရုံလာအတက်ပြတဲ့သူတွေကိုလည်း သူတို့နေထိုင်ရာ ရပ်ကွက်ထဲထိ ဆင်းပြီး သူတို့ အမှန်တကယ် ရောဂါ ဖြစ်မဖြစ် မေးမြန်းစုံစမ်းတဲ့ တာဝန်တွေပါ ထမ်းဆောင်ရကြောင်း ဆရာမကြီးက ပြည့်ပြည့်စုံစုံရှင်းပြတယ်။
လူနာတွေက ဆရာမတို့စကားရော နားထောင်ရဲ့လားဆိုတော့ သူတို့တွေက ယူနီဖောင်းမြင်ရင် သိတယ်တဲ့။ အပြင်လူတွေကိုသာ စိတ်မထင်ရင် အန္တရာယ်ပြုနိုင်ပေမယ့် ယူနီဖောင်းဝတ်ထားတဲ့ ၀န်ထမ်းတွေမြင်ရင်တော့ စကားနားထောင်ကြတယ်ဆိုပဲ။ တစ်ခုထူးတာက ယူနီဖောင်းတောင် သူတို့က ခွဲခြားနားလည်တယ်။ အနီဝတ်က ပြောရင် သိပ်နားမထောင်ချင်ဘူး၊ အပြာဝတ်ဆိုရင် နည်းနည်းနားထောင် ပေမယ့် အစိမ်းဝတ်က ပြောရင်တော့ လုံးဝနားထောင်တယ်တဲ့။ အနီဝတ်ဆရာမနဲ့ အစိမ်းဝတ်ဆရာမ ဘယ်သူက ပိုချောလည်း မေးကြည့်ရင် အားလုံးက အစိမ်းဝတ်ကိုပဲလှတယ်လို့ တညီတညွတ်ထဲ  ဖြေကြ တယ်တဲ့။ သူတို့တွေလည်း အလာကြီးပဲနော်။ စိတ်ဝေဒနာရှင်မို့ နိုင်ငံရေးနားမလည်ဘူး မထင်ပါနဲ့တဲ့။ အစိုးရပြောင်းသွားတော့ မြန်မာနိုင်ငံဒီမိုကရေစီရပြီမို့ အိမ်ပြန်ချင်တယ်ဆိုပြီး လာပြောတဲ့သူနဲ့။ သမ္မတ ဦးသိန်းစိန် သမ္မတဖြစ်တဲ့နေ့က သူက အရင်အစိုးရကိုပဲ ထောက်ခံလို့ ထမင်းမစားဘူးဆိုတဲ့သူနဲ့။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် သမ္မတ အကြံပေးလုပ်မယ်ဆိုတဲ့ သူနဲ့ စုံလို့။ မနိုင်ဘူး။ သူတို့အားလုံးကို ဆေးရုံက ဆရာဝန်ဆရာမတွေက ကလေးလေး တွေလိုမျိုး အသက်ဘယ်လောက်ကြီး ပါစေ၊ သား သမီးခေါ်ပြီး ကြင်ကြင်နာနာ ဆက်ဆံတာကို တွေ့ရတယ်။ (ဆေးရုံတွေမှာ တွေ့ရခဲတဲ့ ဆက်ဆံရေးမျိုးပဲ။) နောက်တော့ဆရာမကြီးဆီကို ဧည့်သည်တွေရောက်လာတယ်ဆိုတာနဲ့ ကျွန်မတို့ လည်း ပြန်ဖို့ပြင်ဆင်ရတော့တယ်။ ဖြည့်စွက်အစာတွေကို စားပေးရင် ဆေးတိုက်တဲ့အခါမှာ ပိုမိုထိရောက်တယ် ဆိုတဲ့အတွက် ကျွန်မတို့လည်း နောက်ထပ်တစ်ခါ ထပ်လာဖို့ တိုင်ပင်ဖြစ်ကြတယ်။ လူတိုင်းလူတိုင်း ဘ၀မှာ တစ်ချိန်ချိန်တော့ ခံစားမှု အစွန်းရောက်တတ်ကြတာပဲ။ အဲဒီခံစားမှုကနေ ရုန်းမထွက်နိုင်တဲ့သူတွေကို လာပြီး ကူညီပေးရတာက မွန်မြတ်တဲ့ အလုပ်တစ်ခုလို့ ခံယူမိတယ်။ အလှူရှင်ရှိမှ အကျီလဲဝတ်နိုင်တဲ့သူတွေ၊ မေတ္တာငတ်မွတ်တဲ့သူတွေ၊ ဆေးသောက်ရတာများလို့ လက်တွေခြေတွေတုန်နေတဲ့သူတွေ၊ အာဟာရပြည့်ပါမှ ဆေးသောက်တဲ့အခါ ပိုမိုထိရောက်တဲ့သူတွေ၊ မိသားစုတွေ ကြည့်ရှုစောင့်ရှောက်တဲ့သူတွေရှိသလို မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အဖိုးအဖွားအရွယ်၊ အဒေါ်ဦးလေးအရွယ်၊ ရွယ်တူတွေ၊ မောင်ငယ်ညီမငယ်တွေ ရှိရာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကို တတ်နိုင်သမျှ နောက်ထပ်လည်းလာလှူဖြစ်နိုင်ဖို့ ကျွန်မတို့ သူငယ်ချင်းအားလုံး တညီတညွတ်တည်းဆုံးဖြတ်ချက်ချမိတယ်။
ကျွန်မတို့ မေးသမျှ စိတ်ရှည်လက်ရှည် သဘောကောင်းစွာ ရှင်းပြပြီး လိုက်ပြသပေးတဲ့ အစိမ်းဝတ် ဆရာမကြီးကို ကျေးဇူးတင်စကားပြောတော့ လူနာတွေက ဒီဇင်ဘာလထဲမှာ သူတို့ဆေးရုံရဲ့ နိဗ္ဗာန် ဈေးပွဲတော်ရှိတဲ့အကြောင်း၊ လာခဲ့စေချင်ကြောင်း ၀ိုင်းဖိတ်ခေါ်ကြတယ်။ ကျွန်မတို့လည်း ကြိုးစားပါ့မယ် လို့ ကတိပေးရင်း လက်ပြနှုတ်ဆက်ပြီး ဆေးရုံကနေ ပြန်ထွက်ခွာခဲ့ကြတော့တယ်။
အပြန်ခရီးကျတော့ ကျောင်းရှေ့မှာ ဓာတ်ပုံဆင်းရိုက်ခဲ့ကြတဲ့အကြောင်းတော့ မပြောတော့ ပါဘူးနော်။

 

Tuesday, 6 November 2012

ရွာသာကြီးသို့ အလည်တစ်ခေါက်

ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတော့ လန့်မသွားပါနဲ့မိတ်ဆွေ။ ဆေးရုံသွားတက်တာ မဟုတ်ပါဘူး။ သူငယ်ချင်းက သူ့မွေးနေ့အတွက် စိတ်ကျန်းမာရေးဆေးရုံမှာ အလှူလုပ်မယ်ဆိုတာနဲ့ ကျွန်မတို့လည်း အနည်းငယ် ပါဝင်ကူညီပြီး သွားလှူဖြစ်ကြတာပါ။ သွားခဲ့တဲ့ အချိန်က တစ်ရက်တာမှာ 6 နာရီတောင် မ ပြည့်ခဲ့ပေမယ့် ဇာတ်လမ်းအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျိုးတွေကို ကြားရတော့ သတိသံဝေဂရစရာ၊  ၀မ်းနည်းစရာ၊ သနားစရာ၊ ပျော်စရာ၊ ပီတိ အစရှိသဖြင့် အဲဒီအတောအတွင်းမှာ ခံစားရတဲ့ ခံစားချက်တွေ ကတော့ ပြောမကုန် နိုင်အောင်ပါပဲ။ အဲဒါကြောင့် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ 
ကျွန်မတို့က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ကျောင်းပြီးကြတဲ့သူတွေဆိုတော့ စိတ်ကျန်းမာရေး ဆေးရုံတည်ရှိတဲ့ ရွာသာကြီးကို သွားတဲ့ ခရီးကတော့ ကျွန်မတို့နဲ့ မစိမ်းပါဘူး။ ကျောင်းတက်တုန်းကတော့ ဖယ်ရီနဲ့ မပြန်ဘဲ ဘတ်စ်ကားနဲ့ ပြန်မယ်ဆိုတိုင်း ဆေးရုံရှေ့က 210 ကားဂိတ်မှာသွားပြီး ကားစီးနေကြပဲ လေ။ စီးပွားရေးတက္ကသိုလ်ရှေ့ကနေ ဆေးရုံရှေ့ထိကို 4 မှတ်တိုင်လောက် ကားစီးပြီး ကားဂိတ်အစကနေ အိမ်အထိ တမေ့တမော ခရီးကို ပြန်စီးကြရတာပဲ။ ခုလည်း ဆေးရုံကို သွားလှူကြမယ်ဆိုတော့ ကျောင်း ရှေ့မှာ ကားခဏရပ်ပြီး ဓာတ်ပုံဆင်းရိုက်ဖို့ကိုလည်း အစီအစဉ်ထဲမှာ မပါမဖြစ်ထည့်ဆွဲရတာပေါ့။( ပြီးရင် တော့ facebook တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတာပေါ့လေ.. ဟီဟိ)။ မွေးနေ့ရှင်သူငယ်ချင်းက ကြက်ဆီထမင်းနဲ့ဧည့်ခံပြီး သကာလ ရွာသာကြီးခရီးစဉ်ကို စတင်ခဲ့ကြတာပေါ့ကွယ်။
တောင်မြောက်လမ်းဆုံကို ကျော်လာပြီဆိုကတည်းက ကျွန်မတို့ သူငယ်ချင်းတတွေမှာ အငြိမ် မနေနိုင်ကြတော့ဘူး။ ဟဲ့..ဟိုအရင်က ဒီအဆောက်အဦကြီး ဒီမှာ မရှိဘူးနော်။ ကြည့်ပါဦး ..ဒီနားက တိုးတက်လာလိုက်တာ။ လမ်းကလည်း တော်တော်ကောင်းလာတယ်နော်။ အင်တာနက်ဆိုင်တွေပါ ပေါ်လာတယ်ဟဲ့။ ဒီနားမှာ ဟိုဟာဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း မဟုတ်လား စသဖြင့် ကျောင်းတက် တုန်းကနဲ့ အခု ကွာခြားချက်တွေကို တစ်ယောက်တစ်ပေါက် ပြောလာလိုက်ကြတာ ကျောင်းနားရောက် လေ ပျော်လေပဲ။ ဟုတ်လည်းဟုတ်တယ်.. အရင်က ကျောင်းသွားဖို့အတွက် လယ်ကွင်းပြင်တွေ၊ တဲပုတ် လေးတွေကို အများကြီးဖြတ်ခဲ့ရတာ.. ခုတော့ သပ်သပ်ရပ်ရပ်အိမ်လေးတွေ က ကြိုကြားကြိုကြား ပေါ်လာ ပြီဆိုတော့ လူနေမှုအဆင့်နည်းနည်းမြှင့်တက်လာတယ် ဆိုရမလားပဲ။ ကျောင်းရှေ့ကိုရောက်လာတော့ တစ်ခါမှ မမြင်ဖူးကြတဲ့သူတွေလိုမျိုး ဟိုမှာ ကျောင်းကြီး ကျောင်းကြီးဆိုပြီး ၀ိုင်းအော်ရသေးတယ်။ အပြန်ကျမှပဲ ဓာတ်ပုံအ၀ ရိုက်ပစ်မယ်လို့ ကြိမ်းဝါးပြီး ဆေးရုံကို ခရီးဆက်ခဲ့ကြ တယ်။ 
ဆေးရုံကို ရောက်လာတော့ အတူ ပါလာတဲ့ သူငယ်ချင်းတချို့က ကျောင်းတက်တုန်းကလည်း သွားလှူဖူးကြပေမယ့် ကျွန်မက ခုမှ ရောက်ဖူးတဲ့သူမို့  အမှန်အတိုင်းပြောရင် နည်းနည်းတော့ ရင်ခုန်မိတယ်။  ကျောင်းတက်တုန်းက ဆေးရုံရှေ့သာ ခဏခဏရောက်တာ အထဲကို မရောက်ဖူးဘူးလေ။ စိတ်ထဲထင်ထားတာက စိတ်ဝေဒနာရှင်တွေကို သပ်သပ်ထားမယ်ထင်ထားတယ်။ တကယ်တမ်းကျတော့ လူနာတွေက ဒီအတိုင်းပဲသွားလာနေတော့ ဘယ်သူက လူနာမှန်း လူနာရှင်မှန်း အလှူရှင်တွေမှန်းမသိလို့ သေချာလိုက်ကြည့်ရတယ်။ ကျွန်မတို့ကို လိုက်ပြပေးတဲ့ အစိမ်းဝတ်စစ်စတာကြီး က ပြောပြတယ်။ လူနာတွေဝိုင်းကူပေးလို့ ဆေးရုံက တော်တော်သန့်ရှင်းတာ နို့မို့ဆိုရင် ရှိတဲ့ဝန်ထမ်းအင်အားနဲ့ပဲဆိုရင် တော့ ဒီလောက်သန့်ရှင်းအောင် လုပ်ဖို့မလွယ်ဘူးတဲ့။ လာတက်တဲ့သူတွေကလည်း စိတ်ကျန်းမာရေး ချို့တဲ့သူတွေမို့ သူတို့ကို စည်းကမ်းတကျ လုပ်ပါလို့ ဘယ်လိုပြောမလဲတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်မတို့ သွားလှူတဲ့ မုန့်ထုပ်တွေကို လာသယ်ပေးတာလည်း လူနာတွေပဲ။ ပြီးတော့ အဆောင်ကို သန့်ရှင်းရေးလုပ်ခိုင်းထားတာ ကျွန်မတို့ အဆောင်ရှေ့ရောက်သည်အထိ တံမြက်စည်းလှည်းလို့ မပြီးသေးဘူး။ ကြမ်းပြင်မှာရေတွေပါ လောင်းချပြီး ဆေးထားလို့ ချော်မလဲအောင်  မနည်းသတိထား လျှောက်လိုက်ရတယ်။ သူတို့တွေကို အ၀တ်လျှော်တဲ့အဖွဲ့၊ အဆောင်သန့်ရှင်းရေးအဖွဲ့၊ ပန်းကန်ဆေးတဲ့ အဖွဲ့၊ အ၀တ်လဲပေးတဲ့အဖွဲ့ဆိုပြီး အဖွဲ့တွေခွဲပြီး တာဝန်ချထားပေးတယ်တဲ့။ ကိုယ်ကျရာ တာဝန်တွေမှာ လိုလိုချင်ချင်နဲ့ ၀ိုင်းကူလုပ်ပေးနေတဲ့ မြင်ကွင်းလေးကတော့ ကြည်နူးစရာပါပဲ။
  ပထမဆုံး ကျွန်မတို့ မိန်းကလေးဆောင်ကို အရင် သွားကြတယ်။ ကျွန်မတို့လာမယ်ဆိုတာကြို အကြောင်းကြားထားလို့ အဆောင်ပြင်က ကော်ရက်ဒါမှာ လူနာတွေအားလုံး စည်းကမ်းတကျ ငုတ်တုတ် ထိုင်ပြီး တန်းစီစောင့်နေကြတာကို မြင်ရတော့ နည်းနည်းတော့ အံ့သြသွားတယ်။ ပြီးတော့ ကျွန်မတို့ မုန့်တွေမဝေခင်မှာ ကျွန်မတို့နဲ့ မိတ်ဆက်ပေးပြီးတော့ အဖွားတစ်ယောက်က ဦးဆောင်ပြီး ဆုတောင်းပေးတယ်။ သူတိုင်ပေးတာကို ကျန်တဲ့သူတွေအားလုံးလိုက်ဆိုကြတယ်။ ဆုတောင်းပေးပြီးတော့ သီချင်းတစ်ပုဒ်လည်း ဆိုပြတယ်။ တံတားအိုလေးဆိုလား။ ပြီးတော့မှ မုန့်တွေလိုက်ဝေကြရတယ်။ မုန့်ဝေ တော့ ရီစရာ အဖြစ်အပျက်လေးကို ပြောရဦးမယ်။ အန်တီတစ်ယောက်က မုန့်မရသေးဘူးဆိုလို့ ပေးလိုက် တာ။ ဘေးက သူတွေက ၀ိုင်းအော်တယ်။ သူမုန့်ရပြီးပြီတဲ့။ ကျွန်မကြည့်လိုက်တော့ သူ့အကျီ အောက်မှာ မုန့်တစ်ထုပ်ကို ဖွက်ထားလေရဲ့။ ဘေးက လူတွေက ၀ိုင်းအော်လည်း သူကတော့ ခပ်တည်တည်ပဲ။ ထားလိုက်ပါတော့ လို့ ကျန်တဲ့သူတွေကို နှိမ့်သိမ့်ရတယ်။ နောက်တော့ သူငယ်ချင်းတွေ နဲ့ပြန်ပြောဖြစ် တော့ ကျွန်မသူငယ်ချင်းတစ်ယောက် သူဝေတော့လည်းအဲလိုပဲတဲ့။ (ကျန်တဲ့သူတွေက ကျွန်မကို ၀ိုင်းတိုင်ကြပေမယ့် ဒီနေရာမှာတော့ justice ဖြစ်ရမယ်ဆိုပြီး တစ်ယောက်တစ်ထုပ်ပဲ ပြန်ပေးလို့ ဘယ်ပြောကောင်းမလဲနော်။ )
အတူပါလာတဲ့ အဖွဲ့ထဲက ယောက်ျားလေးတစ်ယောက်ကတော့ စိတ်ကူးကောင်းကောင်းနဲ့ cream puff နဲ့ နှုတ်ခမ်းနီတွေပါ လက်ဆောင်ယူလာတယ်။ ပထမတော့ ကျွန်မတို့တွေလည်း ပေးလို့ရလား မရလား မဆုံးဖြတ်တတ်တာနဲ့ ဆရာမတွေကို သူကသွားမေးတော့ ပေးလို့ရတယ်တဲ့။ အသက် ခပ်ငယ်ငယ်လူနာတစ်ယောက်က သူလက်ဆောင်ရထားတဲ့ နှုတ်ခမ်းနီတောင့်ကို ဖွင့်ကြည့်နေတာ တွေ့တဲ့ ကျွန်မသူငယ်ချင်းက လာ ညီမလေး အမ ဆိုးပေးမယ်ဆိုပြီး သွားဆိုးပေးတော့ သူငယ်ချင်းဘေးမှာ  အဖွားအရွယ်တွေရော၊ အဒေါ်အရွယ်တွေရော နှုတ်ခမ်းလေးတွေ လာထိုးပေးကြတယ်။ သူတို့လည်း ဆိုးချင်လို့တဲ့။ (မိန်းကလေးဆိုတော့လည်း ဗီဇက ဖျောက်မရဘူးလေ..လှချင်ကြတာကိုး)။ အဲဒီမှာ ဟိုးအနောက်မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက် က ထပြောတယ်.. ကျွန်မရတဲ့အထဲမှာ နှုတ်ခမ်းနီမပါ ဘူးတဲ့။ သူ့ကိုပေးစရာနှုတ်ခမ်းနီလည်းမရှိတော့လို့ သူ့ကို နှိမ့်သိမ့်ရင်း နှုတ်ခမ်းနီပိုင်ရှင်လေးကိုပဲ တူတူဆိုးနော်။ သူ့ကိုပါ ပေးဆိုးနော်ဆိုပြီး သေချာမှာခဲ့ရတယ်။ နောက်ထပ်တစ်ခါသွားရင်တော့ အလှပြင် ပစ္စည်းလေးတွေပါသယ်သွားရမှာပဲ။
စကားပြောရင်းနဲ့မှ သိလိုက်ရတာက ကျွန်မတို့ကို ဆုတောင်းပေးတဲ့ အဖွားက နယ်နယ်ရရ မဟုတ်ဘူးပဲ။ သူ့အမျိုးသားက ဦးကလင်တန်တဲ့။ သူ့မှာ တိုက်တွေရောကားတွေရော အစုံရှိသတဲ့။ ကလေးတွေကလည်း 1သိန်းလောက်တောင်ရှိတယ်တဲ့။ အဲဒါနဲ့ စစ်စတာကြီးက အမ အခု ခေတ်က ကလင်တန်မဟုတ်တော့ဘူးနော်။ အိုဘားမားဖြစ်နေပြီပြောတော့ သူက ကျွန်မတို့ ရပ်ကွက်မှာတော့ ဦးကလင်တန်က အုပ်ချုပ်ရေးမှူးပဲတဲ့။ တိုက်တွေအများကြီးဆိုတော့ တိုက်တစ်လုံးလောက်ပေးမလား မေးတော့ ငှားမယ်ဆိုရင် ရပါတယ်တဲ့။ သူငယ်ချင်းယောကျာ်းလေးတွေက အဖွားသမီးနဲ့ ကျွန်တော်တို့နဲ့ ဆိုရင် သဘောတူလားဆိုတော့ တင်တောင်းမယ်ဆိုရင် ၊ သူ့သမီးကလည်း ကြည်ဖြူရင် သဘောတူပါတယ်တဲ့။ တင်မတောင်းဘဲ ခိုးပြေးရင်တော့ တရားစွဲရပါလိမ့်မယ်တဲ့။ မေးသမျှ မေးခွန်းတွေကို နည်းနည်းမှ မခံဘူး။ ပြန်ပြောတာ။ မေးတဲ့သူတွေကသာ ဘာဆက်မေးရမှန်းမသိတော့အောင် ဖြစ်ရတာ။ တကယ်တော့ အဲဒီအဖွားက 1984 ခုနှစ်ကတည်းက အဲဒီဆေးရုံမှာ ရောက်နေတာ အပျိုကြီးတဲ့။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးဘူးတဲ့။ သူ့အတွေးထဲမှာပဲ သူပျော်မွေ့နေတာ သနားကရုဏာသက်စရာပါပဲ။ နောက်ထပ် အီဂျစ်သမ္မတ ကတော်လည်းရှိ သေးတယ်တဲ့။ အချိန်မရလို့ စကားတော့မပြောဖြစ်ခဲ့ကြဘူး။ 
နောက်ပြီး အမျိုးသားဆောင်ဖက်ဆီ ဆက်လက်ချီတက်ဖို့အတွက် ဆရာမကြီးဦးဆောင်ရာကို လိုက်ခဲ့ကြပါတော့တယ်။ အမျိုးသားဆောင်ရောက်ရင်ရော ဘယ်လိုတွေကြုံရမလဲဆိုတာ စဉ်းစားရင်းပေါ့။
(ဆက်လက်ဖော်ပြပါမယ်) 

Wednesday, 26 September 2012

ဧည့်သည်လား? အိမ်ရှင်လား?


တစ်ခါကဆရာမတစ်ယောက်က ကျွန်မတို့ကို ဆုံးမဖူးတယ်။ ဆရာမပြောတဲ့ စကားလေးကို ကြိုက် လို့ပါ။ အရမ်းတန်ဖိုးရှိတဲ့စကားလေးမို့ သူငယ်ချင်းတွေကို ပြန်ပြီးဝေမျှချင်တာပါ။
          “ကိုယ့်ဘာသာကိုယ်ပြန်ဆန်းစစ်ကြည့်ပါတဲ့.. ကိုယ့်အိမ်မှာကိုယ်ကအိမ်ရှင်ဖြစ်နေပြီလား.. ဧည့်သည်ဖြစ်နေတုန်းပဲလား.. အိမ်မှာ အိမ်ရှင်တစ်ယောက်လို မိသားစုရဲ့ အမှုကိစ္စအရာရာတွေကို တိုင်ပင်ခံရပြီး ကိုယ့်ဆုံးဖြတ်ချက်ကိုပါ အလေးထားခံနေရပြီလား ဒါမှမဟုတ်..  ဧည့်သည်တစ်ယောက် လိုပဲ အိမ်မှာနေကြရတုန်းပဲလား” တဲ့။
 ဆရာမက အဲလို မေးတာခံလိုက်ရတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်လည်း ပြန်ပြီးသုံးသပ်မိ တယ်။ အိမ်မှာတင်မကဘူး.. ကျောင်းမှာ .. အလုပ်မှာ ...ကိုယ်ရပ်တည်နေရ တဲ့ နေရာတွေမှာရော.. ကိုယ်က ဧည့်သည်တစ်ယောက်လိုနေနေရတာလား.. အိမ်ရှင် တစ်ယောက် ဖြစ်နေပြီလားလို့လေ။
ငယ်ငယ်တုန်းကတော့ ကျောင်းသွားပြီး အိမ်ပြန်ရင် စာကျက်လိုက်၊ ကစားလိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ အိမ်ဆိုတာ မိဘ၊ မောင်နှမတွေနဲ့ တူတူနေရတဲ့ လုံခြုံမှုပေးနိုင်တဲ့ ပျော်စရာကောင်း တဲ့ နေရာဆိုတာကလွဲရင် အခြား အိမ်မှာ ကြုံရတဲ့ အခက်အခဲတွေ၊ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ ပြဿနာ တွေကို မသိခဲ့ရဘူး။ ဖေဖေနဲ့မေမေကလည်း ကလေးဖြစ်တဲ့ ကျွန်မတို့တွေ ကို ပေး မသိခဲ့ဘူးလေ။ အဲဒီတော့ ကိုယ်က အိမ်မှာ ဧည့်သည်အနေနဲ့ပဲ နေခဲ့ရတာပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ လူငယ်ဘ၀ရောက်လာတော့ လူကြီးတွေက အိမ်မှာ တချို့ကိစ္စတွေဆိုရင် ကိုယ့်ကို တိုင်ပင်တာတို့.. ကိုယ့်ဆုံးဖြတ်ချက်တွေကို အလေးထားတာတို့နဲ့ ကြုံလာရတဲ့အခါ ကိုယ်က အိမ်ရှင် တစ်ယောက် ဖြစ်လာပါလားလို့ စဉ်းစားမိလာတယ်။ ဒါပေမယ့်လည်း တစ်ချို့ ကလေးငယ်တွေမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့အိမ်အတွက် အိမ်ရှင်ဖြစ်လို့ မိသားစုစားဝတ်နေရေးကို ရုန်းကန်နေရတဲ့၊ မိသားစုအတွက် စိုးရိမ်ပူပန်နေရတဲ့ ကလေးငယ်တွေ အတွက် ၀မ်းနည်းမိသလို ဂုဏ်လည်းယူမိတယ်။
ကျောင်းတက်တဲ့အခါမှာလည်း အိမ်ရှင်ဖြစ်နေတဲ့ ကျောင်းသား/သူတွေတွေ၊ ဧည့်သည် အဖြစ် ကျောင်းတက်နေတဲ့ ကျောင်းသား/သူတွေ တွေ့ရပြန်ရော။ ကျောင်းကိုလာ၊ စာသင်၊ သူငယ်ချင်း တွေနဲ့ စကားပြော၊ အိမ်ပြန် စသည်ဖြင့် ဧည့်သည်အနေနဲ့ပဲ ကျောင်းလာ တက်တဲ့ ကျောင်းသား/သူ တွေရှိသလို ကျောင်းရဲ့လှုပ်ရှားမှုတွေ၊ ကိုယ့်ကျောင်းတော်ကြီးတိုးတက်ဖို့ သာယာလှပဖို့အရေးမှာ ဦးဆောင်၊ ပူးပေါင်းပါဝင်တဲ့ အိမ်ရှင်ကျောင်းသား/သူ တွေနဲ့ ကြုံတွေ့ရတယ်။
အဲဒီလိုပဲ လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာလည်း ကိုယ်လုပ်စရာရှိတာကိုပဲလုပ်တတ်တဲ့၊ အထက်က ညွှန်ကြားတာကိုပဲ လုပ်တဲ့ ဧည့်သည်ဝန်ထမ်းတွေရှိသလို ကိုယ့်လုပ်နေတဲ့အလုပ်ကို ကိုယ့်ကိုယ်ပိုင် အလုပ်လို့ သဘောထားပြီး ကိုယ့်အကြံဥာဏ်တွေကိုပါ အခြားလုပ်ဖော်ကိုင်ဖက်တွေ အလေးထား နားထောင်ရတဲ့ အိမ်ရှင်ဝန်ထမ်းတွေနဲ့ ကြုံဆုံရပြန်တယ်။
ဒီလိုပါပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဆိုရင်လည်း ကိုယ်က ကိုယ့်နိုင်ငံ ဘာပဲဖြစ်နေနေ ကိုယ်နဲ့မဆိုင်သလို.. ကိုယ့်စားဝတ်နေရေးပြေလည်ရင် တော်ပါပြီဆိုတဲ့ ဧည့်သည် နိုင်ငံသားတွေနဲ့ ကိုယ့်နိုင်ငံတိုးတက်ဖို့အရေးမှာ ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့ အိမ်ရှင်နိုင်ငံသားတွေ ရှိနေပါလားလို့  သုံးသပ်မိပြန်တယ်။
မိမိတို့ဘယ်နေရာမှာပဲနေနေ၊ ဘယ်နေရာပဲရောက်ရောက် ကိုယ်ကျရာကဏ္ဍတွေမှာ စိတ်ရော ကိုယ်ပါ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင်တော့ အိမ်ရှင်ကောင်းတွေဖြစ်လာမှာမလွဲဘူး။ ဒါပေမယ့် ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားပြီး ကိုယ်နေတဲ့ ၀န်းကျင်က ကိုယ်နဲ့မဆိုင်သလို ဧည့်သည်လို ပဲ နေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကိုယ်နဲ့မဆိုင်တဲ့ အရာပဲဖြစ်နေမှာပဲ။
ကိုယ့်ရဲ့မိသားစုမှာ၊ ကိုယ်တက်နေတဲ့ကျောင်းမှာ၊ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ၊ ကိုယ်ယုံကြည် ကိုးကွယ်တဲ့ဘာသာမှာ၊ ကိုယ့်နိုင်ငံမှာ၊ ပြီးတော့ ကိုယ်နေတဲ့ ကမ္ဘာကြီးမှာရော ကိုယ်က ဘယ်လိုနေနေမှာလဲ။ ဧည့်သည်လိုလား ? အိမ်ရှင်လိုလား? သူငယ်ချင်းတို့.. စဉ်းစားဆင်ခြင်ကြည့်နိုင် ဖို့ ဝေမျှလိုက်ပါတယ်။
                                                                                

Wednesday, 8 August 2012

မြန်မာတွေမညံ့ပါ

စာသင်ဖို့ သင်ခန်းစာပြင်နေတုန်း. စာရေးချင်စိတ်ပေါက်လာတာနဲ့ ဘလော့ပေါ်ရောက်လာတာ.. unemployment အကြောင်းသင်ဖို့ပြင်နေရင်းနဲ့ ..အလုပ်ကိုင်အခွင့်အလမ်းရဖို့..ဘယ်လိုဖန်တီးမလဲ ဆိုတာ စဥ်းစားတော့ ဟိုတစ်လောက မလေးရှားက မြန်မာအိမ်ဖော်တွေ အလိုရှိတဲ့အကြောင်း သတင်း တစ်ခု ထဲမှာ ဖတ်လိုက်ရတာ သွားသတိရတယ်.. . ငါတို့နိုင်ငံကို အထင်သေးတာလားဆိုပြီး.. အဲဒီတုန်းကတော့ စိတ်ဆိုးလိုက်တာ။ ပြီးတော့ အလုပ်အကိုင်အခွင့်အရေးရဖို့ တစ်ခါလာလည်း အထည်ချုပ်နဲ့.. တစ်ခါလာလည်း စက်ရုံအလုပ်ရုံနဲ့ ၊  ဟိုးတစ်နေ့က စာရေးဆရာမကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တာ  သွားသတိရတယ်.. အဲဒီဆရာမကြီးက ပြောတာ ထားဝယ်မှာ ဆိပ်ကမ်းလုပ်မယ်.. စက်ရုံလာတည်မယ်ဆိုပြီးပြောကြတော့ ရည်ရွယ်ချက်က အလုပ်ကိုင် အခွင့်အရေးရဖို့တဲ့.. ပညာရေးကို မမြှင့်ပေးဘဲနဲ့ ရမယ့် အလုပ်အကိုင်က သူများတွေရဲ့ ခိုင်းဖတ်ပဲ ဖြစ်နေမှာပေါ့တဲ့။ အဲဒီစကားကို ချွင်းချက်မရှိထောက်ခံတယ်။ အဲဒီမှာ ပညာရေး ဆိုတာက အဓိက အရေးကြီးတာဖြစ်သွားပြီ။ အဲဒီတော့ ပညာရေးဆိုတာနဲ့ပတ်သက်ပြီး ဆက်စဉ်းစားမိတယ်။ 
မြန်မာနိုင်ငံရဲ့ပညာရေးအကြောင်း။ မြန်မာနိုင်ငံရဲ့ ပညာရေးလို့ ပြောလိုက်ရင် ဘယ်သူမဆို မတိုးတက်ဘူး တို့.စနစ်မကောင်းဘူးတို့ပဲ မြင်ကြမှာပဲ။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး ဘာမှမလုပ်ဘဲ နေတဲ့ လူငယ်တွေ လည်းတွေ့ဖူးပါရဲ့။ ပညာရေးစနစ်မကောင်းဘူးဆိုတာ လက်ခံတယ်။  ဒါပေမယ့် ပညာတတ်မရှိဘူးတို့.. ပညာတတ်လူတန်းစားဆိုရင် အပြင်ပဲ ထွက်ကြတယ်တို့ ပြောနေတာ တွေတော့ လက်မခံချင်ဘူး။
    ငယ်ငယ်ကတည်းက ကျောင်းတွေမှာ ဒါဖြေ၊ ဒါကျက် ဆိုတာပဲ.. ရှိတယ်။ ကလေးတွေကို ဆက်စဉ်းစားဖို့ အခွင့်အရေးမပေးဘူး။ ကျွန်မငယ်ငယ်ကဆိုရင် မြန်မာစာတို့ ၊ အင်္ဂလိပ်စာတို့ ၊ သင်္ချာတို့ သင်ရတာကို နားလည်ပေမယ့် ဘာလို့ ရူပဗေဒတို့ ဓာတုဗေဒတို့ သင်ရလည်း စဉ်းစားမရခဲ့ဘူး။ သမိုင်းသင်ရတာ က ကိုယ့်သမိုင်းကြောင်းကို နားလည်အောင်၊ ပထ၀ီက ကိုယ့်ကမ္ဘာမြေကြီးအကြောင်း သိအောင် စသည်ဖြင့် စဉ်းစားလို့ရပေမယ့် ရူပဗေဒတို့၊ ဓာတုဗေဒတို့က ငါတို့ ဘာအတွက် သင်နေရတာလဲ။ ဒါတွေကို သိတော့ ဘာအကျိုးရှိမှာလဲ ဆိုတာကို အဲဒီအချိန်က အသိဥာဏ်နဲ့ စဥ်းစားမရခဲ့ဘူး။ သိချင်ပေမယ့် ဆရာမတွေကိုလည်း မမေးရဲခဲ့ဘူး။ အဲဒီလို ပြန်လှန်မမေးရဲတာတွေ က ယေဘုယျအားဖြင့် ပညာရေးစနစ်မကောင်းလို့ လို့ပြောလို့ရတယ်။
   ဒါပေမယ့် စီးပွားရေးတက္ကသိုလ်ရောက်လာတဲ့အခါ ကျတော့ ကျွန်မတို့ သင်ရတဲ့ ဘာသာရပ်တွေက ဘယ်လို ပြန်အသုံးချရမယ် ဆိုတာ ကို သင်ပေးတယ်။ ဘယ်လောက်ပဲ သင်ရိုးညွှန်းတမ်းမှာ Economic development of Myanmar ကို 1988 နောက်ပိုင်းအကောင်းတွေပဲ ရေးထားရေးထား သင်ကြားပေးတဲ့ဆရာမက ပေါ်လစီနဲ့ အပြင်လက်တွေ့မှာ ဖြစ်တာတွေကို အမှန်မြင် တတ်အောင်ပြောပြ သွားတာ.. အခြားဆရာမ အများစုဆိုလည်း ဒီလိုပဲ.. သင်ရတဲ့ သီအိုရီတွေနဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုကြုံနိုင်တယ် ဆိုတာတွေကို ပါ သေချာသင်ပေးကြတယ်။ (တစ်ချို့ သီအိုရီတွေကို ပျင်းစရာကောင်းအောင်သင်ပေးတဲ့ ဆရာ၊ဆရာမတွေလည်းကြုံဖူးပါတယ်)။ CPA မှာလည်း ဒီလိုပဲ ..International Accounting Standard တို့ ဘာတို့ကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ကြတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ အများကြီးပဲ။ ပြီးတော့ လုပ်ငန်းခွင်ထဲရောက်လာတော့လည်း ကိုယ်နဲ့သက်ဆိုင်ရာ ဘာသာရပ်တွေ မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတွေအများကြီးတွေ့ရတာပဲ။
  ကျွန်မပြောချင်တာက စနစ်မကောင်းဘူး.. curriculum တွေ နိမ့်နေတယ်ဆိုတာတွေကို လက်ခံပေမယ့်.. စနစ်မကောင်းလို့ ပညာတတ်လူတန်းစားမရှိဘူးဆိုပြီး ထိုင်အော်နေလို့ မရဘူး။ အဆိုးထဲက အကောင်းကို ရှာတတ်ဖို့လိုတယ်။ ဘာတွေဘယ်လို မကောင်းပေမယ့် တကယ် ပညာတတ်တဲ့ ဆရာတွေရှိတယ်.. သူတို့ သင်ပေးတဲ့ ပညာတွေကို သေချာခံယူမယ်.. ကိုယ်အထူးပြုယူထားတဲ့ ဘာသာရပ်တွေ ကို သေချာ လေ့လာမယ် ဆိုရင် .. ပညာတတ်မဖြစ်နိုင်စရာမရှိဘူး။ (ပညာတတ်တွေကို နေရာမပေးဘူး ဆိုတဲ့ အကြောင်းအရာတွေကို ခဏမေ့ထားရအောင်) ..တက္ကသိုလ်တွေမှာတောင် ကျူရှင်ယူရတယ်ဆိုတဲ့ အကြောင်းတွေပြောနေပေမယ့်.. ကျူရှင်မယူဘဲလည်း စာတွေကို တတ်အောင်လုပ်လို့ရတာပဲ.. ကျွန်မဆိုရင် တက္ကသိုလ်တစ်လျှောက် ကျူရှင်ယူဖို့ဆိုတာ စိတ်ကို မကူးခဲ့ဘူး. ဒါပေမယ့်လည်း အောင်တာပဲ.. credit ထွက်တာပဲ..အဓိကက စိတ်ဓာတ်ပဲ။
 အဲဒီတော့ ကျောင်းသားကျောင်းသူတွေ.. ပညာရပ်တွေကိုလေ့လာနေတဲ့သူတွေဖြစ်ရင် သေချာ စိတ်ကို နှစ်ပြီးလေးလေးနက်နက်ခံယူမယ်ဆိုရင်.. ဆရာ၊ ဆရာမတွေဖြစ်ခဲ့ရင်လည်း ကိုယ်သင်ရမယ့် ဘာသာရပ်ကို နှံ့နှံ့စပ်စပ်စဉ်ဆက်မပြတ်လ့လာစိတ်ဝင်စားအောင် သင်ပေးမယ်ဆိုရင်.. သက်ဆိုင်ရာ ဘာသာရပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေအနေနဲ့လည်း ကိုယ်တတ်ကျွမ်းတဲ့ပညာကို တစ်ပါးသူအတွက် အသုံးချမယ်ဆိုရင်.. မတိုးတက်စရာအကြောင်းမရှိပါဘူး။ (သင်ရိုးညွှန်းတမ်းတို့.. ပညာရေးစနစ် တို့ကိုတော့ အစိုးရနဲ့ ကျွမ်းကျင်သူတွေ လုပ်ကြပါစေပေါ့)။ ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာမြှင့်တင်နေမယ်ဆိုရင် အခြားသူတွေက ကိုယ့်အရည်အချင်းကို အသိအမှတ်ပြု လာကြမှာပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေတော့ရှိမှာပဲလေ။ မြန်မာတွေမညံ့ပါဘူး။

    

Monday, 16 July 2012

LDC ဘာလဲ?

LDC.. အဲဒီစကားလုံးက ကျွန်မအတွက် အတော်ဒုက္ခပေးသော စကားလုံးဖြစ်ခဲ့သည်။ CPA Part II တွင် International finance, Money, Banking and Economic Development of Myanmar စသည် တို့ကိုလေ့လာရသည်။ ကျွန်မတို့ကျောင်းသားတွေကတော့ ထိုဘာသာရပ်ကို Ecoဟု အလွယ်ပဲခေါ်လိုက် သည်။ Eco တွင် LDC အကြောင်း၊ MNC အကြောင်းများကို အကျယ်တ၀င့်လေ့လာရသည်။   ဖြစ်ချင်တော့ LDC အကြောင်း စသင်သောနေ့က ကျောင်းမတက်ဖြစ်ခဲ့။ နောက်ရက်များတွင် LDC ဆိုပြီး ပြောတော့ လည်း စာသာလိုက်မှတ်ပြီး.. LDC ရဲ့ အရှည်ကို မေးရကောင်းမှန်းလည်းမသိ။ အိမ်ရောက်တော့လည်း စာပြန်မဖတ်ဖြစ်တော့ LDC ကို LDC ဟု သာ မှတ်ကာ တစ်လလောက် ဒီအတိုင်းနေဖြစ်သည်။ စာမေးပွဲနီးလာတော့မှ စာများကို အသည်းအသန်ပြန်ကြည့်ရာတွင် ဒုက္ခနှင့် လှလှတွေ့တော့သည်။ MNC ဆိုတာကတော့ Multinational Corporation ဟု အလွယ်တကူ ရှာနိုင်ပေမယ့် LDC ဆိုတာကို ဖတ်စာအုပ်တစ်အုပ်လုံးသာ ကုန်သွားသည်၊ အဓိပ္ပာယ်အရှည်ကို ရှာမတွေ့ချေ။ ဦးနှောက်ကို ဖျစ်ညှစ်ကာ စဉ်းစားကြည့်တော့ C ဆိုတာ country၊ D ဆိုတာ Developing ဒါမှမဟုတ် Developed တစ်ခုခု  ဖြစ်နိုင်တယ်ဟုပဲ မှတ်ယူရသည်။ နောက်ဆုံးတော့ wikipedia မှာ ရှာကြည့်လိုက်တော့မှပဲ LDC ရဲ့အရှည်က Least Developed Country ဆိုတာသိလိုက်ရတော့သည်။ နောက်ထပ်တွေ့လိုက်ရတာက Least Developed Country Map မှာ ဒို့မြန်မာနိုင်ငံလေးက ထင်းလို့။
 အော် .. ငါတောက်လျှောက်လေ့လာဖတ်ရှုနေတဲ့ LDC ဆိုတာ င့ါနိုင်ငံကို ပြောတာပါလားဟု.. . နောက် ဆုံးတော့ သဘောပေါက်နားလည်သွားကြောင်း (ခပ်ရှက်ရှက်နှင့်) ၀န်ခံပါမည်။

Tuesday, 12 June 2012

ဦးရာလူနဲ့ကျွန်မ

အခုတလော တန်းစီရတာနဲ့ ကျွန်မနဲ့ ကီးမကိုက်ဘူးဖြစ်လားမသိဘူး။ 
 ဟိုတစ်ခေါက်က ကျွန်မရယ်.ကျွန်မအမရယ်.. တူမလေး ရယ်နဲ့ Junction Square ရောက်တော့ 3D သွားကြည့်မယ်ဆိုပြီး လက်မှတ်ရောင်းတဲ့ကောင်တာမှာ ၀င်တန်းစီလိုက်ပါတယ်... .ကောင်တာနှစ်ခုရှိ တဲ့နေရာ မှာ ကောင်တာတစ်ခုမှာပဲ လက်မှတ်ရောင်းပေးတဲ့ မိန်းကလေး ရှိတော့ အဲဒီနေရာမှာ ၀င်တန်းစီ လိုက်တယ်.. ရှေ့မှာလည်း တန်းစီနေတဲ့သူတွေရှိတယ်လေ.. ကျွန်မတို့က နောက်ဆုံး မှာပေါ့.. နောက်ကောင်တာ တစ်ခုက ကောင်မလေးက ကောင်တာနဲ့ ဝေးဝေးမှာ ဖုန်းပြောနေလေရဲ့...  အဲဒီမှာ ကျွန်မတို့ နောက်ကနေ..နာမည်ကြီး အဆိုတော်တစ်ယောက်နဲ့ သူ့ သူငယ်ချင်းလေးယောက်ရောက်လာပြီး.. လွတ်နေတဲ့ကောင်တာမှာရပ်၊ 3D လက်မှတ်ကျန်သေး လားလည်းမေးလိုက်ရော..ခုနက ဖုန်းပြောနေတဲ့ကောင်မလေးက အပြေးရာက်လာပြီး 3D လက်မှတ် ငါးစောင်ကို (ပျားရည်သကာဆမ်းထားသော မျက်နှာဖြင့်) ရောင်းချပေးလိုက်တာ တွေ့လိုက်ပါ တယ်။ နောက်ဆုံးမှာရပ်နေတဲ့ ကျွန်မတို့က အစအဆုံးမြင်လိုက်တော့ ငါတို့များကောင်တာမှားသွားလား ဆိုပြီး အဲဒီကောင်တာကို သွားပြီး လက်မှတ်ဝယ်တော့ လက်မှတ်က ကုန်သွားပါပြီတဲ့။ ခုနက ၀ယ်သွားတာတွေ့လိုက်တယ်ဆိုတော့ ဟုတ်တယ်၊ အခု ထိုင်ခုံနှစ်ခုံပဲ ကျန်တော့သတဲ့.. ထိုင်ခုံနှစ်ခုံဆိုတော့ ကျွန်မတို့က သုံးယောက်ဖြစ်နေတော့ ဘယ်အဆင်ပြေပါ့မလဲ။ ကျွန်မတို့က ခုနကတည်းက တန်းစီနေတာလေ ဆိုတော့၊ ဟုတ်ကဲ့ ကျွန်မ ဖုန်းသွားပြောနေလို့ ကောင်တာမှာ မရှိလို့ပါတဲ့။ နောက်ရက်မှပဲလာကြည့်လိုက်ပါတဲ့။  customer service ကို သွားမေးတော့ တန်းစီတဲ့ အတိုင်းပဲ လက်မှတ်ရောင်းပေးပါတယ်တဲ့။ ကျွန်မတို့က အဖြစ်အပျက်ကို တင်ပြတော့ ဟုတ်ကဲ့နောက်တစ်ခါ မဖြစ်အောင် အထက်ကို တင်ပြပေးပါ့မယ်တဲ့။ ကျွန်မတို့လည်း အံအားသင့်စွာနဲ့.. လှည့်ပြန်လာရတယ်။ ကျွန်မတို့အရှေ့ကနကြိုရောက်ပြီး တန်းစီနေတဲ့ သူတွေတော့ ဘယ်လိုနေမလဲ မသိ၊ သူတို့အချိန်ကုန်ခံပြီး တန်းစီပြီးမှ လက်မှတ်မရှိတာနဲ့ကြုံရမှာ။ 
နောက်ရက်ကျတော့ Junction 8 အရှေ့က CP ကြက်ကင်ဆိုင်မှာ  ကြက်ကင်သွားဝယ်ပါတယ်။ အမ ခဏစောင့်ရမယ်နော်တဲ့။ အခု မှ ကင်နေလို့တဲ့။ အော် ဟုတ်ကဲ့ စောင့်မယ်ပေါ့။ ကိုယ်က ၀ယ်ချင်တဲ့သူပဲ။ ကျွန်မနောက်က ထပ်ပြီး ရောက်လာတဲ့သူတွေကလည်း စောင့်ရမယ်ဆိုတော့ စောင့်နေကြလေရဲ့။ မိနစ် 20 လောက်လည်း စောင့်ပြီးရော.. ကြက်ကင်တွေက ရလာတယ်။ အဲဒီကြက်ကင်တွေကို စိမ်ပြေနပြေထုတ်ပြီး .. အထုပ်တွေလည်း ထုပ်ပြီးရော.. ကြက်ကင်ဝယ်ဖို့စာင့်နေကြတဲ့ ကျွန်မတို့ဖက် လှည့်ပြီး ကြက်ကင်မရတော့ဘူးနော်.. တစ်ခြားဟာ ၀ယ်သွားကြပါတဲ့။ ခုနက စိတ်ရှည် လက်ရှည်  စောင့်နေရတဲ့ ကျွန်မတို့မှာ ဘာဆက်လုပ်ရမှန်းမသိ။ ခုနက ပြောတော့ စောင့်ရင်ရမယ်ဆို ဆိုတော့ ဟုတ်တယ်လေ..အခုက မကျန်တော့လို့တဲ့။ ကျွန်မတို့ရှေ့မှာ မှာထားတဲ့သူတွေလည်း မတွေ့ရ။ အော်ဒါ မှာထားတာ ရှိလို့ပဲထားဦး... ကြက်ကင်ဘယ်နှစ်ကောင်ကင်ထားလဲ သူတို့မသိဘူးလား။ ၀ယ်တဲ့သူက ဘယ်နှစ်ယောက်ရှိလည်းဆိုတာ မတွက်တတ်ဘူးလား။ အဲဒီလိုမေးခွန်းပေါင်းများစွာနဲ့ပဲ(မေးတော့မမေးရဲဘူး.. မျက်နှာက ခပ်မာမာ နဲ့ ပြောတော့ တော်ကြာ င့ါကို စိတ်မရှည်ဘဲ ရန်တွေ့မှ ဘာပြန်ပြောရမှန်းမသိ.. အရှက်ကွဲဦးမယ်ဆိုပြီး) နောက်ကြောင်းပြန် လှည့်လာရတယ်။ 
ကျွန်မတို့ပဲ အချိန်တွေပိုနေလို့ အချိန်ကုန်ခံပြီးတန်းစီမိတာလား။ တန်းစီပြီး ၀ယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ ရှင်းရှင်းလင်းလင်းမသိကြတာလား။ တန်းစီပြီးစောင့်နေရတဲ့သူတွေကိုပဲ မလေးစားတာလား။ အရင်က ဗျူရိုကရက်စနစ်တွေပဲ မပျောက်နိုင်သေးတာလား စသည်ဖြင့် မေးခွန်းပေါင်းများစွာကို အဖြေရှာမရဘူး။
ဘာပဲဖြစ်ဖြစ် စိတ်တိုတာတော့အမှန်ပဲ။


Wednesday, 16 May 2012

ကလေးများနဲ့အင်္ဂလိပ်စာ

ကျွန်မမှာ တူမလေး တစ်ယောက်ရှိပါတယ်.. မူကြိုတက်နေရာက ၅နှစ်ပြည့်ပြီဆိုတော့ သူ့ကို သူငယ်တန်းစာ သင်ပေးရပြီပေါ့ .. သူငယ်တန်းမြန်မာစာ သင်ပေးရတာပျော်စရာကောင်းပါတယ်.... “ကကာကား.. ကိကီကိး.. မေမေ့မေး” စတဲ့စာလုံးတွေသင်လိုက်... ဖတ်စာအုပ်ထဲကမဟုတ်ဘဲ အခြားစကားလုံး တွေကို စာလုံးပေါင်းခိုင်းလိုက်နဲ့. မြန်မာစာ တစ်အုပ်သင်ပြီး သွားရင်တော့ မြန်မာ စာကောင်းကောင်း ဖတ်တတ်လောက်ပြီ။ အဲ.. အင်္ဂလိပ်စာ သင်တော့ ဒုက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခရာက်တော့တာပဲ.. ခုခေတ်စကားနဲ့ပြောရရင်တော့ အဲဒီမှာ စတွေ့တော့တာပဲပေါ့...။ သူက private school မှာ မူကြိုတက်ပြီးသားဆိုတော့ အင်္ဂလိပ်စာက နည်းနည်းတတ်နေပြီ.. သူတစ်ဆင့်ထပ်တက်ရမယ့် သူငယ်တန်းက အင်္ဂလိပ်ဖတ်စာအုပ်မှာက ABCD....Z  နဲ့ Ant , Bird စသဖြင့် တို့ပဲဆိုတော့ သူက အကုန်ဖတ်တတ်ပေါင်းတတ်ပြီးသားဖြစ်နေရော.. တစ်အုပ်လုံးကို ခဏလေးနဲ့ ဖတ်ပြီးသားဖြစ်သွားတော့.. ဘာဆက်သင်ရမှန်းမသိဘူး။ အဲဒါကိုကြည့်ပြီး  (ကျွန်မက ကလေးတွေကိုစာသင်တဲ့ဆရာမမဟုတ်ပေမယ့်) စဉ်းစားမိတယ်။ ကလေးတွေကိုသင်တဲ့အင်္ဂလိပ်စာအဆင့်ကို နည်းနည်းမြှင့်ပေးဖို့လိုမယ်ထင်တယ်။ အပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အင်္ဂလိပ်စာ သင်ကြတဲ့ကလေးတွေအတွက် ကိစ္စ မရှိပေမယ့်.. အစိုးရကျောင်းတစ်ခု တည်းကိုပဲ အားကိုးပြီး အင်္ဂလိပ်စာလေ့လာရတဲ့ ကလေးတွေအတွက်တော့ ဒီပြင်ကလေးတွေနဲ့မီအောင်ကို မနည်းလိုက် ရမယ်ထင်တယ်။ အခုခေတ်ကအရင်တုန်းကလိုမျိုး ၁၀တန်းအောင်မှ အင်္ဂလိပ်စာ ကို သေချာလေ့လာကြမယ် ဆိုတဲ့ ခေတ်မဟုတ်တော့ ဘူးလေ။  ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ကလေးတွေရဲ့ပညာရေးအတွက် အခြေခံကျတဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း ပြင်ဆင်ပေးဖို့ ဘယ်သူ့ကို တောင်းဆိုရပါ့မလဲနော်.

Monday, 23 April 2012

International Financial Reporting Standard(IFRS) လေ့လာနေသူများအတွက်..

ဟိုနေ့က စာမေးပွဲဖြေဖို့ စာတွေကျက်လို့မပြီးသေးလို့ စိတ်ညစ်နေတုန်း သူငယ်ချင်းတစ်ယောက် ရောက်လာပြီး စာလာမေးတယ်။။ Non –current Asset held for sale ဆိုတာ နဲ့ပတ်သက်ပြီး ပြောပြပေးပါလားတဲ့။ ပထမတော့ IFRS 5 အရ Non-current Asset held for sale ဆိုတာ ဘယ်လို criteria တွေရှိရမယ်၊ IAS 35 အရ Discontinuing operation က ဘယ်လို စသည်ဖြင့် တတ်သလောက် မှတ်သလောက် ပြောပြလိုက်တာ..နားမလည်တဲ့ပုံနဲ့ ပြန်ကြည့်နေရော။ အဲဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ လက်မထပ်ရသေးတဲ့မိန်းကလေးတွေကို Non-current Asset(ပုံသေပိုင်ပစ္စည်း)လို့ ယူဆလိုက်ဟယ်။ held for sale ဆိုတာ စေ့စပ်ထားပြီးသားမိန်းကလေးပေါ့.. မကြာခင် လက်ထပ်တော့မှာ ဆိုတော့ သူ့ကို ရိုးရိုး Non-current Assets ထဲက ဖယ်ထုတ်ပြီး သူ့ကို available for sale အကောင့် ဖွင့်လိုက်ပေါ့။ ပြီးတော့  မကြာခင်လက်ထပ်တော့မှာ ဆိုတော့ depreciation လည်း လုပ်ပေးစရာမလိုတော့ဘူးနော်။ လက်ထပ်ဖြစ်တဲ့အခါကျတော့မှ (ရောင်းလိုက်တော့မှ) disposal account နဲ့ စာရင်းပိတ်တော့ profit (or) loss ထွက်လာရောလို့လည်း ရှင်းပြလိုက်ရော.. ဘာတွေသဘောပေါက်သွားသည်မသိ.. ကျေးဇူးတင်ပါ ကြောင်း ၃ခါ ပြောသွားလေသတည်း။

Sunday, 8 April 2012

ဒါမျိုးလည်းရှိတတ်တာပဲ

လုပ်ငန်းခွင်ထဲရောက်တော့ အသက်မွေးဝမ်းကျောင်းပညာ သင်ပေးလိုက်တဲ့ ကျောင်းတော်ကြီးနဲ့ ဆရာ၊ ဆရာမတွေကို ပိုပြီး ကျေးဇူးတင်မိတယ်။ လုပ်ငန်းခွင်ထဲမှာ ကြုံလာတဲ့ ပြဿနာတိုင်း ကို အောင်အောင်မြင်မြင်ဖြေရှင်းလို့ ရတိုင်း ကျွန်မတို့ကို သင်ညာမဟုတ်ဘဲ ပညာကို တကယ် တတ်အောင် သင်ပေးလိုက်တဲ့ ကျောင်းတော်ကြီးရဲ့ ကျေးဇူးက ဆပ်လို့မကုန်စရာပါ။ ဆရာ၊ဆရာမတွေရဲ့ အားတတ်သရော သင်ကြားပေးခဲ့တာတွေ.. သူငယ်ချင်းတွေနဲ့အတူစာတွေကို အသည်းအသန်ကျက်ခဲ့ တွက်ခဲ့တာတွေကို ပြန်စဉ်းစားမိတော့  ဒုတိယနှစ်က အဖြစ်အပျက်တစ်ခုကို သွားအမှတ်ရတယ်။  (အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတတ်တယ်မလား)
အဲဒီနေ့က မှတ်မှတ်ရရ အာဆီယံကျောင်းသူကျောင်းသားတွေ ကျောင်းကိုလေ့လာရေးလာမယ်တဲ့။ အဲဒီတော့ အတန်းထဲမှာ ဆရာမက ကျွန်မတို့ကို လာခေါ်တယ်။ Multimedia room မှာ လာထိုင်ပေးဖို့တဲ့။ ကျောင်းက စီနီယာ အကိုတွေအမတွေက သူတို့ကို ဧည့်ခံကြိုဆိုပြီး ကျောင်းကို လိုက်ပြမယ်တဲ့။ အဲဒီတော့ ကျွန်မတို့က ဘာလုပ်ရမှာလဲဆိုတော့ ဘာမှ လုပ်စရာမလိုဘူး.. multimedia room မှာ လာထိုင်ပေးပြီး အင်္ဂလိပ်လို နည်းနည်းပါးပါး နှုတ်ဆက်ရင် ရပြီတဲ့။ 10 နာရီအရောက်လာ ပါဆိုလို့.. 10နာရီထိုးခါနီးမှာ multimedia room က ဘယ်မှာလဲ ဆိုပြီး မေးစမ်းပြီး သွားလိုက်တယ်။ ဟိုရောက်တော့ ကျွန်မတို့အတန်းထဲက သူငယ်ချင်းတစ်ချို့နဲ့ ကျွန်မတို့လိုပဲ တခြားမေဂျာက လာပြီးvolunteer လုပ်တဲ့ကျောင်းသား/သူအချို့ကို တွေ့ရတယ်။ ဒီလိုနဲ့ အတန်းရှေ့က စင်ပေါ်မှာ ဆရာမကထိုင်.. ကျောင်းသား/သူတွေကလည်း နေရာယူပြီး နားကြပ်လေးတွေတပ်ထားတာပေါ့။ ဒါပေမယ့် ခက်တာက ဧည့်သည်တွေက 11 နာရီလောက်မှ ရောက်မယ်တဲ့။ အဲဒီတော့ တစ်နာရီလောက် ဘာလုပ်ရမှန်းမသိဖြစ်နေတော့ ဆရာမက..မပျင်းရအောင်ဆိုပြီး. သီချင်းဖွင့်ပေးတယ်။ သီချင်း နားထောင်နေတုန်း နောက်ဆရာမတစ်ယောက်ရောက်လာပြီး တကယ်လို့ ဧည့်သည်တွေက အတန်းထဲ ၀င်လာပြီး နှုတ်ဆက်ရင် ကိုယ်ကလည်း သူတို့ကို မေးဖို့ မေးခွန်းလေးတွေ ပြင်ဆင်ထားတဲ့။ အဲဒီတော့ ခပ်နောက်နောက် ကျောင်းသားတစ်ယောက် သူတို့ဆီမှာရော ကျွန်တော်တို့ဆီမှာလို multimedia room ဆိုတာ အင်ပဲလား ဟင် လို့ မေးလိုက်မယ်နော်.လို့ ပြောတာနဲ့.. တကယ်လည်း ဧည့်သည်တွေ လာရော အဲဒီကျောင်းသားအနားမှာ ဆရာမ ၃၊ ၄ ယောက်လောက်က ၀ိုင်းနေတာပဲ.. (တကယ်ထမေးမှာစိုးလို့).. ဒါပေမယ့် ဧည့်သည်ကျောင်းသားတွေကလည်း အခန်းထဲမ၀င်ပါဘူး.. အချိန်မရှိလို့ဆိုပြီး အခန်းရှေ့ကပဲ ရပ်ကြည့်သွားကြ တယ်။
ခုတော့ ကျောင်းကို မရောက်ဖြစ်တော့လို့ ကျောင်းက မောင်ငယ် ညီမငယ်တွေ ကတော့ လက်တွေ့သုံးနေကြ ပြီလို့ မျှော်လင့်မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ..အဲဒီနေ့လေးကို အမှတ်ရမိသလို... ကျောင်းတက်ခဲ့တဲ့တလျှောက် multimedia room ဆိုတာ ဘာလဲဆိုတာလည်း သိသွားပြီး သုံးဖူးသွားတာတော့ အမှတ်တရဂုဏ်ယူရမှာပဲ မဟုတ်လား..

Saturday, 25 February 2012

ကျွန်မနဲ့ YIE ဆရာကန်တော့ပွဲ

YIE ကျောင်းက အမှတ်တရအဖြစ်အပျက်လေးတွေ ပြန်စဉ်းစားကြည့်တော့ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်ပေမယ့်) နောက်ဆုံးနှစ်က အဖြစ်အပျက်လေးတစ်ခုကို ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။
မှတ်မှတ်ရရပေါ့။။ နောက်ဆုံးနှစ် စာမေးပွဲဖြေခါနီး နောက်ဆုံးနှစ် commerce အထူးပြု ကျောင်းသား/ သူတွေ စုပေါင်းပြီး ဆရာကန်တော့ပွဲလုပ်ကြတယ်။ အဲဒီမှာ ဘုမသိဘာ့မသိနဲ့ ကျွန်မကို အမ တစ်ယောက်နဲ့ တွဲပြီး MC လုပ်ဖို့ တာဝန်ပေးကြတယ်။ ဆရာမတွေနဲ့ သွားတွေ့..အစီအစဉ်ဆွဲနဲ့.. ဆရာကန်တော့ပွဲအခမ်းအနား မလုပ်ခင် နေ့တွေကတည်းက အလုပ်တွေ ရှုပ်တာ ဆိုတာ... အဲဒီနေ့မှာ မြန်မာဆန်ဆန်လေး ၀တ်ရမယ်ဆိုလို့.. မြန်မာဝတ်စုံလေး ပြင်ဆင်ရ..  မေမေ့ဆီက ပ၀ါကို လည်း ငှားထားရသေးတယ်.. ဆံထုံးထုံးရမယ်ဆိုလို့ ကိုယ့်ဘာသာမထုံးတတ်တော့ အလှပြင်ဆိုင်များသွားရရင် ဒုက္ခဆိုပြီး စိတ်ဆင်းရဲ နေတုန်း  ကျောင်းနားမှာ အဆောင်နေတဲ့ သူငယ်ချင်းတစ်ယောက်က သူထုံးပေးမယ်ဆိုလို့ အဆင်ပြေသွားတယ်။ (စဉ်းစားကြည့်လေ ကျောင်းသွားဖို့အရေးတောင် မနက်အစောကြီးထပြီး တစ်နာရီလောက် ကားစီးရတာ.. ဆိုင်မှာသာ အလှသွားပြင်ရလို့ကတော့ ညကတည်းက အိပ်ရပါ့မလား)
ဒီလိုနဲ့. .. ဆရာကန်တော့ပွဲလုပ်မယ့် နေ့ကိုရောက်လာပါပြီ။ ခါတိုင်းကျောင်းသွားဖို့ ဖယ်ရီမီအောင် မနား လာရတဲ့သူက ဖယ်ရီဂိတ်ကို အစောကြီးကတည်းကရောက်လို့။ ၀တ်စုံနဲ့ အလှပြင်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကိုလည်း လက်ကဆွဲလို့ပေါ့။ ကျောင်းရောက်တော့လည်း MC တူတူလုပ်မယ့် အမကို ခေါ်ပြီး သူငယ်ချင်းနဲ့ သုံးယောက်သား စီးပွားရေးတက္ကသိုလ်ရဲ့ မိန်းကလေး ဆောင်ကို ချီတက်သွားကြရော။ (ထူးဆန်းတာတစ်ခုက ရန်ကုန်မြို့ထဲကနေ လာရင် ယောက်ျားလေးအဆောင်ကို အရင်ရောက်ပြီး နောက်  ၃ မှတ်တိုင်လောက်စီးပြီးမှ ကျောင်းရောက် .. ကျောင်းကနေမှ မြို့ပြင် ဘက်ကို နောက်ထပ် ၂ မှတ်တိုင်လောက် ကားထပ်စီးမှ မိန်းကလေးအဆောင်ကိုရောက်တာပဲ။ ဘာလို့များ မြို့နဲ့နီးတဲ့ဘက်ကို မိန်းကလေးအဆောင် မထားဘဲ ယောက်ျားလေးအဆောင်ထားရလဲ ဆိုတာ အခုထိနားမလည်နိုင်ဘူး) ။ 
အဲလိုနဲ့ အဆောင်မှာ အလှတွေပြင်ပြီး ကျောင်းကိုပြန်လာပြီးအခမ်းအနားလုပ်မယ့် ခန်းမ ကို သုံးယောက် သား ချီတက်လာတာပေါ့။ ခန်းမထဲကိုရောက်တော့ အခမ်းအနား က ၁၀ နာရီစမှာဆိုတော့ လူတွေ လည်း တော်တော်များများရောက်နေကြပြီ။ အဲဒါနဲ့ မိုက်တွေအသံစမ်း .. အစီအစဉ်စာရွက်တွေ အဆင်သင့်ပြင်ပြီး ကျွန်မက အစီအစဉ်ပထမပိုင်းကို တာဝန်ယူထားတော့ အခမ်းအနား စဖို့ ၁၀ မိနစ်အလိုမှာ -အခမ်းအနားစတင်တော့မှာ ဖြစ်လို့  ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ များ နေရာယူပေးကြဖို့ မေတ္တာရပ်ခံပါတယ်.. ဘာညာကြေငြာ၊ နောက် ၁၀နာရီအတိကျတော့ အခမ်းအနားစတင်တာ့မှာ ဖြစ်လို့ ပါမောက္ခချုပ်ကြီးနဲ့တကွ ဆရာဆရာမများ နေရာယူပေး ဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း ကြေငြာပြီးတော့ ဆရာ၊ ဆရာမတွေ စင်ပေါ်တက်လာကြတယ်။ အဲဒါနဲ့ အခမ်းအနားအစီအစဉ်ကို ကြိုတင်ကြေငြာပေးပါ့မယ် ဆိုပြီး အစီအစဉ်တွေဖတ်ပြ..(အဲဒီအထိ အဆင် ကိုချောလို့).. 
     အားလုံးလည်းပြီးရော.. အစီအစဉ် ၁ အရ ဆရာကန်တော့ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ်ရှင့် လို့လည်း အားရပါးရကြေငြာလိုက်ရော အားလုံးကလည်း လက်ခုပ်တွေ တဖြောင်းဖြာင်းတီးလို့ပေါ့။ အဲဒီတော့မှ စင်ပေါ်က ဆရာမတွေက မျက်စိမျက်နှာ ပျက်ပြီး တိုးတိုးလေးလှမ်းပြောတယ်။ ဟဲ့..ဟဲ့..သမီးရေ.. ပါချုပ်ကြီးစင်ပေါ်မတက်ရသေးဘူး တဲ့.. ကြည့်လိုက်တော့ ကျွန်မ စင်ပေါ်ကြွရောက်ဖို့ဖိတ်ခေါ်တာ ကြေငြာမှာ ကို စောင့်နေတဲ့ ပါချုပ်ကြီးက အခန်းအပြင်မှ ရပ်လို့။ နို့သူများက ပါချုပ်ကြီးကို ဆရာ၊ဆရာမတွေ စင်ပေါ်ရောက်ပြီးမှ ထပ်ခေါ်ရမယ် ဆိုတာ သိမှမသိဘဲ။ ပြီးတော့ ကျောင်းသာ ၃နှစ်လောက်တက်ပြီးသွားတာ ပါချုပ်ကြီးက နာမည်ပဲသိပြီး ဘယ်လိုပုံလည်းဆိုတာ မသိတော့ စင်ပေါ်မှာ ရောက်နေလား မရောက်နေလားလည်း ဘယ်သိပါ့ မလဲနော်..  အဲလို စူးစမ်းလေ့လာမှုအားကောင်းခဲ့တာ...

Thursday, 23 February 2012

ကျွန်မချစ်သော Y.I.E (သို့) ရန်ကုန်စီးပွားရေးတက္ကသိုလ် အမှတ်တရစာစုများ

2012 ခုနှစ်တဲ့.. ဘာလိုလိုနဲ့ တွက်ကြည့်လိုက်တော့ ဘွဲ့ရပြီးသွားတာ ၆နှစ် နီးပါးရှိသွားပြီပဲ။
အခုနေပြန်တွေးကြည့်တော့ ကျွန်မတို့ရဲ့အမိတက္ကသိုလ်ကြီးကိုလွမ်းသား။ 
(အမိတက္ကသိုလ်လို့ပြောတာ ကျောင်းမှာက မိန်းကလေးတွေပဲ များတာကိုး… ဘယ်လိုစဉ်းစားစဉ်းစား အဖတက္ကသိုလ်တော့ မဖြစ်နိုင်ဘူး) 
အော်..ကျွန်မတက်ခဲ့တဲ့ကျောင်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်လေ။
အများစုကတော့ Eco လို့ပဲ သိကြတာပေါ့။ 
ဒါပေမယ့် Eco က ကျောင်းသား ကျောင်းသူ မှန်ရင်တော့ သူများတွေ ဘယ်လိုပဲ Eco ခေါ်ခေါ်.. 
တို့ကတော့ Y.I.E မှ Y.I.E ပဲ။ Yangon Institute of Economics မလား။ 
အတိုကောက်ဆိုတော့ Y.I.E ပေါ့။ ခက်တာက ဘာတက်နေလဲမေးလို့.. YIE လို့ဖြေရင် ထပ်မေးကြရော။ … အဲဒါဘာလဲတဲ့.. အဲဒီတော့မှ ရန်ကုန်စီးပွားရေးတက္ကသိုလ်လေ .. 
Yangon Institute of Economics ပေါ့လို့ ပြန်ဖြေရတယ်။ ဘယ်လောက်ပဲပင်ပန်းပင်ပန်း 
ဘယ်တော့မှ အလွယ်တကူသိနိုင်တဲ့ Eco ကလို့မပြောဖြစ်ကြဘူးလေ...
..…ဖြစ်ပုံက ဒီလို…..

ကျွန်မတို့ 10 တန်းတုန်းက အခုလိုမျိုး ၀ိဇ္ဇာတွဲ၊ သိပ္ပံတွဲမခွဲသေးဘူး.. 
လူတိုင်းက physics, chemistry, Bio, Eco, History, Geography အားလုံးသင်ကြရတာလေ…  
အဲဒီတော့ 10 တန်းအောင်ပြီးတဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ တက္ကသိုလ်ကို အမှတ်မီရင် သွားလို့ရတယ်.. အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်တက်ဖို့ကို အမှတ်နဲ့ခွဲတာ (နောက်ပိုင်းမှသာ)… 
အဲဒီတော့ စီးပွားရေးကျောင်းသူ ဖြစ်လာကြတဲ့အခါ အားလုံးက ငါတို့ အမှတ်မီလို့ဒီကျောင်းကို တက်ရတယ်ပေါ့.. အဲလိုပညာမာနလေးတွေနဲ့လေ.. ဆရာမတွေကလည်း 
“ သမီးတို့ကတော်လို့ ဒီကျောင်း ရောက်လာတာ.....အရင်တုန်းကဆေးရယ်....YITရယ်........
စီးပွားရေးတက္ကသိုလ်ရယ်ဆိုတာက ထိပ်တန်းကျောင်းတွေ.…
ချောတဲ့မိန်းကလေးတွေပဲ စုနေလို့ မိန်းမလှကျွန်းလို့တောင် ခေါ်ကြတာ ” လို့ဆိုတော့....ငါတို့ကတော့ မိန်းမလှကျွန်းသူတွေပဲဆိုပြီး ဘ၀င်ခပ်မြင့်မြင့်လေး တွေပေါ့..
ဖြစ်ချင်တော့ အဲဒီအချိန်မှာ အဝေးသင်တက္ကသိုလ်က အီကို အထူးပြုယူလို့ရတယ်လေ… 
ယူကြတဲ့သူတွေ ကလည်း အများသားဆိုတော့.. ဘာတက်နေလည်းမေးလို့ အီကိုလို့များမဖြေလိုက်နဲ့.. အဝေးသင်ပဲ ထင်ကြတာကိုး... 
ကိုယ်တွေမှာက စီးပွားရေးတက္ကသိုလ်ရဖို့.. အမှတ်လည်း ကောင်းရဦးမယ်..
ကျောင်းရှိတဲ့ရွာသာကြီးကို နေ့တိုင်းလည်း ဖယ်ရီ အကြာကြီးစီးပြီး သွားတက်ရသေးတယ်..
ဖယ်ရီမမီရင်လည်း လိုင်းကားကခက်လို့ အဆင့်ဆင့်စီးရင်စီး.. မစီးရင်လည်း ဒါရိုက်ရောက်တဲ့ကားကို တမေ့တမောစောင့်…
ကျောင်းရောက်တော့လည်း ကိုယ့်အဆောင် ရောက်ဖို့ မိန်းလမ်းမကြီးဖြစ်တဲ့ ( တော်တော်ဝင်ရတဲ့)
 တော်ဝင်လမ်းမကြီးကို ဆက်လျှောက်ရသေးတယ်….
ကျောင်းရောက်တော့လည်း ဆယ်တန်းတုန်းကထက် မလျော့တဲ့ ကြိုးစားခြင်းနဲ့ စာကျက်ရသေးတယ်.. 
(အမှတ်ကောင်းမှ ၀ါဏိဇ္ဇဗေဒဌာနမှာဆက်တက်လို့ရမှာ.. ၀ါဏိဇ္ဇဌာနမှာ ထပ်ပြီးကြိုးစားတော့မှ ဘီကွမ်းဘွဲ့ယူလို့ရမှာ.. ဘီကွမ်းရမှ စသဖြင့်စသဖြင့် ) ဆိုတော့...
Eco က ကျောင်းသား ကျောင်းသူ မှန်ရင်တော့ သူများတွေ ဘယ်လိုပဲ Eco ခေါ်ခေါ်.. တို့ကတော့ Y.I.E မှ Y.I.E ပဲ။
(ချစ်သော YIE သူငယ်ချင်းများအတွက်..)

Tuesday, 14 February 2012

တကယ်လို့များ

ဒီနေ့ ဖေ့စ်ဘွတ်မှာ အမျိုးသမီးတွေသီးသန့် ယာဉ်လိုင်းတွေစမ်းသပ်ပြေးဆွဲ နေပြီဖြစ်တဲ့သတင်းတွေ ပလူပျံနေအောင် တွေ့ရပါတယ်.. sexual harassment နဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရတယ်..အခုကစမ်းသပ်ပြေးဆွဲတာဖြစ်ပြီးအောင်မြင်ရင် ဆက်လက် လုပ်ဆောင် သွားမယ်တဲ့..
ထောက်ခံကြသူတွေလည်းရှိရဲ့.. မထောက်ခံကြသူတွေလည်းရှိရဲ့..တစ်ချို့အမျိုးသားများကလည်း gander balance မဖြစ်ဘူး..အမျိုးသားတွေကို Re-discrimination ပြန်လုပ်တယ်ဆိုပြီး ကန့်ကွက်သူ လည်းရှိရဲ့..


အဲဒီအကြောင်းတွေဖတ်ပြီး စဥ်းစားမိတယ်..
အဲဒီလို အမျိုးသမီး သီးသန့်ယာဉ်လိုင်းက အဆင်ပြေသွားရင်ပေါ့...

တကယ်လို့များပေါ့လေ.. မိသားစုတွေ အတူသွားကြမယ်ဆိုပါတော့..
- ကဲ ..မေကြီးနဲ့သမီးက ဒီကားစီးပြီးအရင်သွားနှင့်.. ဖေကြီးနဲ့သားလေးက နောက်ကားနဲ့ လိုက်လာ ခဲ့မယ်.. တို့ဆင်းရမယ့်မှတ်တိုင်သိတယ်နော်.. အဲဒီမှာ စောင့်နေ.. ခဏနေပြန်ဆုံကြမယ်နော်..
- မရဘူးသားက မေမေနဲ့ပဲသွားမှာ ..အဟီးဟီး..
- ဟယ်.. ဒီကလေးကတော့ ....
အဲလိုတွေဖြစ်ကြမှာလား?

တကယ်လို့များပေါ့လေ.. အမျိုးသမီးသီးသန့်လိုင်းမဟုတ်တဲ့ကားကို အမျိုးသမီးတစ်ယောက်က သွားစီးမိလို့. sexual harassment နဲ့ကြုံ ရရင်ပေါ့လေ..
- အမယ်လေးဖြစ်မှာပေါ့ သူကိုက အမျိုးသမီးသီးသန့်ကားမစီးဘဲ..အဲလိုသွားစီးတာပေါ့.. ခံရမှာပေါ့..
ဒါမှမဟုတ်..
ကျူးလွန်ချင်တဲ့သူက ဒီမိန်းကလေးက ယောကျာ်းတွေစီးတဲ့ကားလာစီးတယ်ဆိုမှတော့ .. ဆိုပြီး များ....?

တကယ်လို့များပေါ့လေ.. အမျိုးသမီးသီးသန့်ယာဉ်လိုင်းမလုပ်ဘဲ.. အများပြည်သူသုံးယာဉ်တွေကို အသုံးပြုနေတဲ့ ခရီးသည်ဦးရေအလိုက် ထပ်တိုးချဲ့ပြီး ဘတ်စ်ကားတွေမှာလည်း ထိုင်ခုံရှိတဲ့အတိုင်းသာ လူတင်မယ်ရမယ်ဆိုတဲ့ထုတ်ထားတဲ့စည်းကမ်းကို သေချာ လိုက်နာစေမယ် ဆိုရင်ရော sexual harassment ကို မကာကွယ်နိုင်ဘူးလားပေါ့လေ... 
(ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ အဲဒါလည်း မဖြစ်နိုင်ဘူး ထင်တယ်နော်.. ကားလိုင်းတွေကို စီးသူဦးရေလိုက်သာ ထပ်တိုးချဲ့ရရင် ဓာတ်ဆီတွေ..ဒီဇယ်တွေ..ဂတ်စ်တွေ ပိုထုတ်ပေးရတော့မယ်.. အဲဒါတွေကုန်ကျစရိတ်တွေအတွက် အခွန်တွေ ထပ်တိုးကောက်ရတော့မယ်.. ဘတ်စ်ကားခတွေ တိုးကောက်ရင်လည်း အထူးယာဉ်တွေဥပမာ အတိုင်း ဘတ်စ်ကားစီးတဲ့သူတွေက ပေးစီးကြပေ မယ့် နောက်ဆုံးတော့လည်း မထူးယာဉ်တွေဖြစ်သွားတာကလည်းရှိတော့. ..)

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကိုကအဆိုးမြင်လွန်းတာ ဖြစ်မှာပါ..