ဒီနေ့
DBL ၀င်ခွင့်သွားဖြေတယ်။ ထုံးစံအတိုင်း နောက်ကျပြီး ရောက်သွားတော့ သူများတွေက ဖြေတောင်ဖြေနေကြပြီ၊
အဲဒါနဲ့ ဖြေရမယ့် အခန်းကို အသည်းအသန်လိုက်ရှာပြီး ကိုယ့်နေရာမှာ အကျအနထိုင် အပြတ်ဖြေမဟဲ့ဆိုပြီး
မေးခွန်းကို ဖတ်လိုက်တယ်။ မေးခွန်းက ၄ ပုဒ်မေးထားတယ်။ ပထမမေးခွန်းကို ဖတ်ကြည့်လိုက်တော့
how do you understand international law? ဆိုလား။ အပြတ်ဖြေလိုက်တာပေါ့၊
နောက်ပြီး ထပ်ကြည့်တော့ What is your marital status? တဲ့၊ single လို့ တစ်လုံးတည်း အားပါးတရဖြေပြီးမှ ငါ form ဖြည့်နေတာ
မဟုတ်ပါဘူးလေဆိုပြီး စာကြောင်းလေး ဖြစ်သွားအောင် I am ကို မြှားလေးထိုးပြီး ထပ်ထည့်ရတယ်။
နောက်မေးခွန်းတွေက Who is your favorite author? တဲ့၊ How often did you go to
library? တဲ့၊ Are you a facebook addict? တဲ့၊ ဟဲ့ တစ်ခုခုများ မှားနေလားဆိုပြီး
ဆက်ကြည့်တော့ Where are you going to have lunch after this exam? Have you ever
earned highest pay? Why you want to study this course?တဲ့။ ပထမနဲ့ နောက်ဆုံးမေးခွန်းနှစ်ခုက
မေးသင့်ပေမယ့် တခြားမေးခွန်းတွေကို ကြည့်ပြီးရီလိုက်ရတာ။ ဘေးက တစ်ယောက်လည်း ငါ့လိုများ
ရီချင်နေမလားဆိုပြီး ကြည့်လိုက်တော့ သူက အသည်းအသန် ငုံ့ဖြေနေလေရဲ့။ အဲဒီတော့မှ လူ
1500 မှာ သုံးပုံတစ်ပုံလောက်ပဲ ခေါ်မှာ ဆိုတော့ ငါလည်းဖြေမှပါလေဆိုပြီး ဆက်ဖြေရတယ်။ တော်သေးတယ်။
နောက်မေးခွန်း သုံးခုလောက်က နည်းနည်း အဓိပ္ပါယ် ရှိလို့။ ဘယ်လိုမှ နားမလည်နိုင်တာက ဘာလို့များ
အဲလို မေးခွန်းကိုမေးတာလဲ ဆိုတာကိုပဲ။ psycho test များလား လို့ စဉ်းစားကြည့်သေးတယ်။
မဟုတ်လောက်ဘူး။ တစ်ခုနဲ့တစ်ခု က အဆက်အစပ်မှ မရှိတာလေ။ grammer စစ်ချင်တာများလား။ အဲလိုဆိုရင်လည်း
တခြားအဆင့်မြင့်မြင့်လေးတွေတော့မေးသင့်တယ် မဟုတ်ဘူးလား။ ခုတော့ ဖြေသာဖြေခဲ့ရတယ်။ ငါ့ကိုများ
နောက်ထားတဲ့မေးခွန်းလားလို့တောင် သံသယ ၀င်လာတယ်။ ဟုတ်ကဲ့။ DBL ကို ကျွန်မရဲ့
career အတွက်တင်မဟုတ်ဘဲ တကယ်စိတ်ဝင်စားလို့ တက်ချင်တာပါ။ ဥပဒေကို စိတ်ဝင်စားသလို၊ ကိုယ့်ရဲ့
အချိန်တွေ စွမ်းအင်တွေ ပေးဆပ်ပြီး ယူရမယ့် ပညာကိုလည်း တကယ်တန်ဖိုးထားချင်တာပါ။ ၀င်ခွင့်မအောင်ခဲ့ရင်တောင်
ငါမဖြေနိုင်လို့ဆိုပြီး ဖြေသိမ့်လို့ရသေးတယ်။ ခုဟာက ၀င်ခွင့်မအောင်ခဲ့ရင်လည်း ဘာကြောင့်မအောင်မှန်းကိုယ့်ကိုကိုယ်မသိနိုင်၊
အောင်ခဲ့ရင်လည်း ဘာကြောင့် အောင်သွားမှန်း မသိရတဲ့ အဖြစ်မျိုးမို့ အီလည်လည်ကြီးဖြစ်ရပါတယ်။
သေချာတာတော့ ၀င်ခွင့်အောင်ခဲ့ရင် ဖြစ်စေ၊ မအောင်ခဲ့ရင်ဖြစ်စေ business law ကိုတော့
တန်ဖိုးထားပြီး ဆက်လေ့လာဖြစ်သွားမှာပါပဲ။ ဘယ်ပညာမဆို အမြီးရှည်ရင်ပြီးရော ဆိုပြီး လူတိုင်းသင်လို့ရတယ်ဆိုတာထက်
လူတိုင်း တန်ဖိုးထား ပြီး အဆင့်မြင့်တဲ့ ပညာရပ်များအဖြစ်
ရှိစေချင်တာပါပဲ။ ဘယ်လိုပညာရေးစနစ်တွေကြောင့် ဖြစ်ပါစေ၊ title အတွက်မဟုတ်ဘဲ ပညာတစ်ခုကို
မရမကတတ်အောင် သင်ယူနိုင်ကြတဲ့ အစွမ်းက ကျွန်မတို့ မြန်မာ တွေမှာ ရှိတာ ယုံကြည်ပြီးသားပါ။