Thursday, 8 November 2012

ရွာသာကြီးသို့ အလည်တစ်ခေါက်(၂)

ရေးရင်းနဲ့ စာတွေအရမ်းများသွားလို့ အပိုင်းလိုက်ခွဲပြီး ရေးတင်တာကို အရင်ဆုံး သွေ့ပုချိ... ကဲ..ဆက်ရေးမယ်ကွယ်။
မိန်းကလေးဆောင်ကနေ တာတာ့၊ ဘိုင်ဘိုင် တွေလုပ်ပြီး ယောက်ျားဆောင်ကို ချီတက်လာတာပေါ့။ ယောကျာ်းဆောင်ရောက်တော့  မိန်းကလေးဆောင်မှာလိုမျိုးပဲ အဆောင်ရှေ့က ကော်ရစ်ဒါမှာ တန်းစီပြီး ထိုင်နေကြတာကို တွေ့ရတယ်။  ကျွန်မတို့ရောက်လာတော့ အဖိုးတစ်ယောက်က ဦးဆောင်ပြီး ကျေးဇူး တင်စကားပြောတယ်။ (မိန်းကလေးဆောင်မှာလိုတော့ ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြီး သီချင်း တွေဘာတွေတော့ မဆိုပြဘူးပေါ့လေ။ ) ကျေးဇူးတင်စကားပြောပြီးတဲ့အခါ လိုအပ်သည်များကို ဝေငှတဲ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရတာပေါ့။ ဒီတစ်ခါတော့ ကျွန်မတို့မိန်းကလေးတွေက အဆောင်ဝ မှာပဲ နေခဲ့ရပြီး ယောက်ျားလေးတွေက လိုက်ဝေငှပါတယ်။ ဒီတစ်ခါ ပေးတဲ့အထဲမှာတော့ ဆေးပေါ့လိပ် တွေပါ ထည့်ဝေကြတယ်။ (ကျေးဇူးပြု၍ ကျန်းမာရေးရှူထောင့်ဘက်ကကြည့်ရင် ဘာညာ မပြောပါနှင့်) အဖိုး တစ်ယောက်က ဝေတဲ့မုန့်တွေကို မယူဘဲနဲ့ တစ်ယောက်တည်း ထိုင်နေတာကိုတွေ့တဲ့ ဆရာမက သားကြီးမုန့်မယူဘူးလားဆိုတော့ မကြိုက်ဘူးတဲ့။ ဆေးပေါ့လိပ်ရော သောက်မလားဆိုတော့ ဘာတံဆိပ်လဲ တဲ့။ သူငယ်ချင်းတစ်ယောက်က ဆေးပေါ့လိပ်နာမည်ကို ရွတ်ပြတယ်။ သူအဲဒီတံဆိပ်မသောက်ဘူးတဲ့။ ရွှေလမင်းမှ ဆိုလား။ အဲဒါနဲ့ ခုနက ဆေးလိပ်နာမည်ပြောတဲ့ သူငယ်ချင်းက နောက်တစ်ယောက်ကို လှမ်းအော်တယ်။ ရွှေလမင်းကျန်သေးလားဆိုတော့ နောက်တစ်ယောက်ကလည်း ချက်ချင်းအထာပေါက်ပြီး ရော့ ရွှေလမင်းဆိုတော့ အဲဒီအဖိုးက ၀မ်းသာအားရ လှမ်းယူတယ်။ သူတို့ကို ကြည့်ပြီး ရီနေရတယ်။ နောက်ထပ်တစ်ယောက်ကတော့ ပစ္စည်းတွေကို ၀ိုင်းသယ်ပေးတဲ့ တစ်ယောက်။ သူကျတော့ သူ့အဆောင်ကို ပစ္စည်းဝေပေးပြီးတော့ ပိုတဲ့ အထုပ်လေးတွေ ပြန်လာထားရင်းနဲ့ ဆရာမ ကျွန်တော် မရ သေးဘူးတဲ့။ လက်ထဲမှာရှိတာပဲ ယူထားလိုက်လေဆိုတော့ ကျွန်တော်ကဝေတဲ့သူမို့လို့ပါတဲ့။ အဲဒါနဲ့ သူ့ခြင်းထဲက အထုပ်တစ်ခုကို နှိုက်ပြီး သူ့ကို ပေးလိုက်ရတယ်။ စိတ်ချို့ယွင်းနေပေမယ့် အကျင့် စာရိတ္တတော့ မချို့ယွင်းသူမို့ လေးစားမိပါတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ သူလိုက်ဝေ တဲ့မုန့်ကို သူ့ကို ပြန်လာပေးသွားတယ်ပြောတယ်။ သူက ဘာလို့လဲ မေးတော့ ဗိုက်အောင့်နေလို့တဲ့။ ကိုယ်အတွက် အသုံးမတဲ့တဲ့အရာကို ဆုပ်ကိုင်မထားဘဲနဲ့ ကျန်တဲ့သူတွေကို ဝေငှပေးတဲ့ စိတ်ကို မချီးကျူးဘဲ မနေနိုင်လောက်အောင်ဘဲ။ 
ရီစရာတစ်ခုက ကျွန်မတို့အဆောင်ကို ရောက်ရောက်ချင်း အပေါက်ဝမှာ ဘုန်းကြီး ၂ပါးနဲ့  တရားဆွေးနွေးနေတဲ့ သူတစ်ယောက်ကို မြင်ခဲ့ရတယ်။ လူပုံက သပ်သပ်ရပ်ရပ်နဲ့ ပုဆိုးနဲ့ ရှပ်အကျီအဖြူ  ၀တ်ထားတော့ လူနာတွေကို လာကြည့်တဲ့သူပဲထင်ထားတာ။ နောက် သူတို့က ကျွန်မတို့ အဖွဲ့ဆီလာပြီး စကားလာပြောတော့မှာ သူလည်း စိတ်ဝေဒနာရှင်မှန်းသိကြရတယ်။ သူက တရားဆွေးနွေးမယ်ဆိုပြီး ခုံတွေယူပေးပြီး အားလုံးကို ၀ိုင်းထိုင်ခိုင်းပြီး တစ်ယောက်ချင်းစီကို အသက်ဘယ်လောက်လဲ လိုက်မေးနေတော့ ကျွန်မသူငယ်ချင်းတွေကလည်း သူမေးသမျှ ရိုရိုသေသေနဲ့ အမှန်အကန် ပြန်ဖြေကြ လေရဲ့။ ကျွန်မကတော့ ဦးဆောင်လိုက်ပြပေးတဲ့ စစ်စတာကြီးကို အင်တာဗျူးနေတာမို့လို့ စကားဝိုင်းထဲ မပါလိုက်ရဘူး။ အဲဒီတစ်ယောက်ကတော့ သူများကို အရမ်းကူညီပေးချင်တဲ့ စိတ်ကြွနေတဲ့သူလို့  ဆရာမကြီးက ပြောပြတယ်။ စိတ်ကြွနေတဲ့ ဝေဒနာရှင်တွေကတော့ သူတို့ရဲ့ စိတ်ကူးကမ္ဘာလေး ထဲမှာ ပျော်မွေ့နေပေမယ့် စိတ်ကျနေတဲ့ဝေဒနာရှင်တွေကတော့ သူတို့ ကမ္ဘာလေးထဲက ရုန်းမထွက်နိုင်သူမို့ ပိုပြီး သနားစရာကောင်းကြောင်း ဆရာမကြီးက ရှင်းပြတယ်။ သူက သောတာပန်တည်ဖို့ ၁၀ မိနစ်ပဲ အချိန်ပေး၊ သူနည်းလမ်းပြောမယ်ဆိုပြီး သူ့မှတ်စု စာအုပ်ကို အကျအန ဖွင့်နေတုန်း အချိန်မရှိတော့တာနဲ့ ကျွန်မတို့လည်း အမြန်ပြန်ထွက်လာရတယ်။ သူကတော့ နောက် တစ်ခေါက်လာရင် သူ သေချာပြောမှာ ဖြစ်ကြောင်းပြောရင်း ကိုရီးယားလို အညာဆယ်ရော နှုတ်ဆက်ပြီး ကျန်ခဲ့လေရဲ့။ 
နောက်ထပ်တွေ့ရတဲ့တစ်ယောက်တော့ ခြေထောက်ကို ကြိုးချီထားရတဲ့ စွန်းဝူခုန်းပဲဖြစ်ပါတယ်။ သူက သူ့ကိုယ်သူ စွန်းဝူခုန်းဆိုပြီး ခုန်နေလို့ ခြေထောက်ကို ကြိုးချီထားရတာတဲ့။ ခေါင်းမှာလည်း ထိပ်ပေါက် ထားလေရဲ့။ ဆရာမကြီးက ၀ူခုန်း အရမ်းရမ်းမခုန်နဲ့နော်. ခေါင်းပေါက်မယ်ဆိုတော့ ဟုတ်ကဲ့တဲ့။ ကျွန်မ တို့လည်း စွန်းဝူခုန်းဘာလုပ်နေလဲဆိုတော့ ထမင်းစားနေတာ။ လာလှူကြတာလားတဲ့။  ပြန်နှုတ်ဆက် တယ်။ ဆိုရှယ်ကောင်းတဲ့ စွန်းဝူခုန်းပါပဲ။ နောက်တစ်ယောက်ကလည်း ဧည့်သည်တွေကို သီချင်းဆိုပြ ချင်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့ သီချင်းကို ဌာ‍န်က​ရိုဏ်းကျကျ အသံကောင်းကောင်း နဲ့ ဆိုပြလေရဲ့။ သီချင်းက ကောင်းလိုက်တာ ဘယ်သူစပ်တာလဲဆိုတော့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့။ အဲဒီသီချင်းရေးတဲ့ဆရာကြားရင်တော့ ဘာပြောမလဲမသိ။ အသက်ကိုးနှစ်ကတည်းက ရောက်နေကြတဲ့ ညီအစ်ကိုနှစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်။ ဘယ်လိုကြောင့် ရောက်လာလဲ ဆိုတာတော့ မမေးဖြစ်ခဲ့ဘူး။ သူတို့အချင်းချင်းတော့ ညီအစ်ကို ဖြစ်မှန်းသိကြတယ်။
အဲဒီမှာရောက်နေကြတဲ့ တချို့ဝေဒနာရှင်တွေကို မိသားစုတွေက လာပို့တဲ့သူတွေရှိသလို စည်ပင်တို့၊ ရဲတို့ကနေ တဆင့် ရောက်လာကြတဲ့ သူတွေလည်းရှိကြောင်းသိရတယ်။ စကားကြုံတုန်း အမျိုးသမီး ဝေဒနာရှင် နဲ့ အမျိုးသားဝေဒနာရှင် ဘယ်သူကပိုများလဲ လို့ ဆရာမကြီးကို မေးကြည့်လိုက်တော့ အမျိုးသားဝေဒနာရှင်တွေက ပိုများကြောင်းပြောပြတယ်။ အဲဒါနဲ့ တဆက်တည်း ဆရာမကြီး ဆက်ရှင်းပြတဲ့ စကားကြောင့် စိတ်မကောင်းဖြစ်မိတယ်။ အမျိုးသားဝေဒနာရှင်တွေက ပိုများပေမယ့် အမျိုးသမီးဆောင်က ပိုပြီးချို့တဲ့တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဝေဒနာရှင်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ ဇနီးမယား တွေက သူတို့ဘယ်လောက်ပဲ ဆင်းရဲချို့တဲ့ပါစေ၊ ဘယ်လောက်ပဲ နှိပ်စက်ခံရပါစေ တတ်နိုင်သလောက် လာပြီး ထောက်ပံ့ကြတယ်။ အမျိုးသမီးဆောင်မှာကျတော့ သူတို့ရဲ့ ယောက်ျားတွေက ၂ခါ ၊ ၃ ခါ အပြင် လာမကြည့်တတ်ကြဘူး။ တချို့တွေဆိုရင် အိမ်လိပ်စာအမှားတွေပေးပြီး ပျောက်သွားကြလို့ အမျိုးသမီး ဆောင်က ပိုချို့တဲ့တယ်တဲ့။
လိပ်စာအမှန်မရှိဘဲ နေပြန်ကောင်းသွားတဲ့ ဝေဒနာရှင်တွေအတွက်ရော ဘယ်လိုလုပ်ပေးလဲ မေးတော့ ဆေးရုံမှာ ဆက်သွယ်ရေးမှူး ၃ယောက်ခန့်ထားတဲ့အကြောင်း၊ သူတို့က ဆက်သွယ်စုံစမ်းပြီး ပြန်ပို့ပေးတဲ့ အကြောင်း၊ တစ်ချို့ဝေဒနာရှင်တွေဆိုရင် အိမ်နဲ့လည်းအဆက်အသွယ်မရှိဘဲ ၂နှစ် ၃ နှစ်အကြာ နေကောင်းသွားပြီး ပြန်ပို့ပေးမှသာ အိမ်တွေက ဆေးရုံရောက်နေတယ် လို့ သိရှိကြရကြောင်း၊ ဆက်သွယ်ရေးမှူးတွေက အိမ်လိပ်စာစုံစမ်းပြီးပြန်ပို့တဲ့တာဝန်သာမက  တချို့ လက်မှတ်လိုချင်လို့ နှစ်ပတ် သုံးပတ် ဆေးရုံလာအတက်ပြတဲ့သူတွေကိုလည်း သူတို့နေထိုင်ရာ ရပ်ကွက်ထဲထိ ဆင်းပြီး သူတို့ အမှန်တကယ် ရောဂါ ဖြစ်မဖြစ် မေးမြန်းစုံစမ်းတဲ့ တာဝန်တွေပါ ထမ်းဆောင်ရကြောင်း ဆရာမကြီးက ပြည့်ပြည့်စုံစုံရှင်းပြတယ်။
လူနာတွေက ဆရာမတို့စကားရော နားထောင်ရဲ့လားဆိုတော့ သူတို့တွေက ယူနီဖောင်းမြင်ရင် သိတယ်တဲ့။ အပြင်လူတွေကိုသာ စိတ်မထင်ရင် အန္တရာယ်ပြုနိုင်ပေမယ့် ယူနီဖောင်းဝတ်ထားတဲ့ ၀န်ထမ်းတွေမြင်ရင်တော့ စကားနားထောင်ကြတယ်ဆိုပဲ။ တစ်ခုထူးတာက ယူနီဖောင်းတောင် သူတို့က ခွဲခြားနားလည်တယ်။ အနီဝတ်က ပြောရင် သိပ်နားမထောင်ချင်ဘူး၊ အပြာဝတ်ဆိုရင် နည်းနည်းနားထောင် ပေမယ့် အစိမ်းဝတ်က ပြောရင်တော့ လုံးဝနားထောင်တယ်တဲ့။ အနီဝတ်ဆရာမနဲ့ အစိမ်းဝတ်ဆရာမ ဘယ်သူက ပိုချောလည်း မေးကြည့်ရင် အားလုံးက အစိမ်းဝတ်ကိုပဲလှတယ်လို့ တညီတညွတ်ထဲ  ဖြေကြ တယ်တဲ့။ သူတို့တွေလည်း အလာကြီးပဲနော်။ စိတ်ဝေဒနာရှင်မို့ နိုင်ငံရေးနားမလည်ဘူး မထင်ပါနဲ့တဲ့။ အစိုးရပြောင်းသွားတော့ မြန်မာနိုင်ငံဒီမိုကရေစီရပြီမို့ အိမ်ပြန်ချင်တယ်ဆိုပြီး လာပြောတဲ့သူနဲ့။ သမ္မတ ဦးသိန်းစိန် သမ္မတဖြစ်တဲ့နေ့က သူက အရင်အစိုးရကိုပဲ ထောက်ခံလို့ ထမင်းမစားဘူးဆိုတဲ့သူနဲ့။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် သမ္မတ အကြံပေးလုပ်မယ်ဆိုတဲ့ သူနဲ့ စုံလို့။ မနိုင်ဘူး။ သူတို့အားလုံးကို ဆေးရုံက ဆရာဝန်ဆရာမတွေက ကလေးလေး တွေလိုမျိုး အသက်ဘယ်လောက်ကြီး ပါစေ၊ သား သမီးခေါ်ပြီး ကြင်ကြင်နာနာ ဆက်ဆံတာကို တွေ့ရတယ်။ (ဆေးရုံတွေမှာ တွေ့ရခဲတဲ့ ဆက်ဆံရေးမျိုးပဲ။) နောက်တော့ဆရာမကြီးဆီကို ဧည့်သည်တွေရောက်လာတယ်ဆိုတာနဲ့ ကျွန်မတို့ လည်း ပြန်ဖို့ပြင်ဆင်ရတော့တယ်။ ဖြည့်စွက်အစာတွေကို စားပေးရင် ဆေးတိုက်တဲ့အခါမှာ ပိုမိုထိရောက်တယ် ဆိုတဲ့အတွက် ကျွန်မတို့လည်း နောက်ထပ်တစ်ခါ ထပ်လာဖို့ တိုင်ပင်ဖြစ်ကြတယ်။ လူတိုင်းလူတိုင်း ဘ၀မှာ တစ်ချိန်ချိန်တော့ ခံစားမှု အစွန်းရောက်တတ်ကြတာပဲ။ အဲဒီခံစားမှုကနေ ရုန်းမထွက်နိုင်တဲ့သူတွေကို လာပြီး ကူညီပေးရတာက မွန်မြတ်တဲ့ အလုပ်တစ်ခုလို့ ခံယူမိတယ်။ အလှူရှင်ရှိမှ အကျီလဲဝတ်နိုင်တဲ့သူတွေ၊ မေတ္တာငတ်မွတ်တဲ့သူတွေ၊ ဆေးသောက်ရတာများလို့ လက်တွေခြေတွေတုန်နေတဲ့သူတွေ၊ အာဟာရပြည့်ပါမှ ဆေးသောက်တဲ့အခါ ပိုမိုထိရောက်တဲ့သူတွေ၊ မိသားစုတွေ ကြည့်ရှုစောင့်ရှောက်တဲ့သူတွေရှိသလို မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အဖိုးအဖွားအရွယ်၊ အဒေါ်ဦးလေးအရွယ်၊ ရွယ်တူတွေ၊ မောင်ငယ်ညီမငယ်တွေ ရှိရာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကို တတ်နိုင်သမျှ နောက်ထပ်လည်းလာလှူဖြစ်နိုင်ဖို့ ကျွန်မတို့ သူငယ်ချင်းအားလုံး တညီတညွတ်တည်းဆုံးဖြတ်ချက်ချမိတယ်။
ကျွန်မတို့ မေးသမျှ စိတ်ရှည်လက်ရှည် သဘောကောင်းစွာ ရှင်းပြပြီး လိုက်ပြသပေးတဲ့ အစိမ်းဝတ် ဆရာမကြီးကို ကျေးဇူးတင်စကားပြောတော့ လူနာတွေက ဒီဇင်ဘာလထဲမှာ သူတို့ဆေးရုံရဲ့ နိဗ္ဗာန် ဈေးပွဲတော်ရှိတဲ့အကြောင်း၊ လာခဲ့စေချင်ကြောင်း ၀ိုင်းဖိတ်ခေါ်ကြတယ်။ ကျွန်မတို့လည်း ကြိုးစားပါ့မယ် လို့ ကတိပေးရင်း လက်ပြနှုတ်ဆက်ပြီး ဆေးရုံကနေ ပြန်ထွက်ခွာခဲ့ကြတော့တယ်။
အပြန်ခရီးကျတော့ ကျောင်းရှေ့မှာ ဓာတ်ပုံဆင်းရိုက်ခဲ့ကြတဲ့အကြောင်းတော့ မပြောတော့ ပါဘူးနော်။

 

Tuesday, 6 November 2012

ရွာသာကြီးသို့ အလည်တစ်ခေါက်

ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတော့ လန့်မသွားပါနဲ့မိတ်ဆွေ။ ဆေးရုံသွားတက်တာ မဟုတ်ပါဘူး။ သူငယ်ချင်းက သူ့မွေးနေ့အတွက် စိတ်ကျန်းမာရေးဆေးရုံမှာ အလှူလုပ်မယ်ဆိုတာနဲ့ ကျွန်မတို့လည်း အနည်းငယ် ပါဝင်ကူညီပြီး သွားလှူဖြစ်ကြတာပါ။ သွားခဲ့တဲ့ အချိန်က တစ်ရက်တာမှာ 6 နာရီတောင် မ ပြည့်ခဲ့ပေမယ့် ဇာတ်လမ်းအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျိုးတွေကို ကြားရတော့ သတိသံဝေဂရစရာ၊  ၀မ်းနည်းစရာ၊ သနားစရာ၊ ပျော်စရာ၊ ပီတိ အစရှိသဖြင့် အဲဒီအတောအတွင်းမှာ ခံစားရတဲ့ ခံစားချက်တွေ ကတော့ ပြောမကုန် နိုင်အောင်ပါပဲ။ အဲဒါကြောင့် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ 
ကျွန်မတို့က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ကျောင်းပြီးကြတဲ့သူတွေဆိုတော့ စိတ်ကျန်းမာရေး ဆေးရုံတည်ရှိတဲ့ ရွာသာကြီးကို သွားတဲ့ ခရီးကတော့ ကျွန်မတို့နဲ့ မစိမ်းပါဘူး။ ကျောင်းတက်တုန်းကတော့ ဖယ်ရီနဲ့ မပြန်ဘဲ ဘတ်စ်ကားနဲ့ ပြန်မယ်ဆိုတိုင်း ဆေးရုံရှေ့က 210 ကားဂိတ်မှာသွားပြီး ကားစီးနေကြပဲ လေ။ စီးပွားရေးတက္ကသိုလ်ရှေ့ကနေ ဆေးရုံရှေ့ထိကို 4 မှတ်တိုင်လောက် ကားစီးပြီး ကားဂိတ်အစကနေ အိမ်အထိ တမေ့တမော ခရီးကို ပြန်စီးကြရတာပဲ။ ခုလည်း ဆေးရုံကို သွားလှူကြမယ်ဆိုတော့ ကျောင်း ရှေ့မှာ ကားခဏရပ်ပြီး ဓာတ်ပုံဆင်းရိုက်ဖို့ကိုလည်း အစီအစဉ်ထဲမှာ မပါမဖြစ်ထည့်ဆွဲရတာပေါ့။( ပြီးရင် တော့ facebook တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတာပေါ့လေ.. ဟီဟိ)။ မွေးနေ့ရှင်သူငယ်ချင်းက ကြက်ဆီထမင်းနဲ့ဧည့်ခံပြီး သကာလ ရွာသာကြီးခရီးစဉ်ကို စတင်ခဲ့ကြတာပေါ့ကွယ်။
တောင်မြောက်လမ်းဆုံကို ကျော်လာပြီဆိုကတည်းက ကျွန်မတို့ သူငယ်ချင်းတတွေမှာ အငြိမ် မနေနိုင်ကြတော့ဘူး။ ဟဲ့..ဟိုအရင်က ဒီအဆောက်အဦကြီး ဒီမှာ မရှိဘူးနော်။ ကြည့်ပါဦး ..ဒီနားက တိုးတက်လာလိုက်တာ။ လမ်းကလည်း တော်တော်ကောင်းလာတယ်နော်။ အင်တာနက်ဆိုင်တွေပါ ပေါ်လာတယ်ဟဲ့။ ဒီနားမှာ ဟိုဟာဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း မဟုတ်လား စသဖြင့် ကျောင်းတက် တုန်းကနဲ့ အခု ကွာခြားချက်တွေကို တစ်ယောက်တစ်ပေါက် ပြောလာလိုက်ကြတာ ကျောင်းနားရောက် လေ ပျော်လေပဲ။ ဟုတ်လည်းဟုတ်တယ်.. အရင်က ကျောင်းသွားဖို့အတွက် လယ်ကွင်းပြင်တွေ၊ တဲပုတ် လေးတွေကို အများကြီးဖြတ်ခဲ့ရတာ.. ခုတော့ သပ်သပ်ရပ်ရပ်အိမ်လေးတွေ က ကြိုကြားကြိုကြား ပေါ်လာ ပြီဆိုတော့ လူနေမှုအဆင့်နည်းနည်းမြှင့်တက်လာတယ် ဆိုရမလားပဲ။ ကျောင်းရှေ့ကိုရောက်လာတော့ တစ်ခါမှ မမြင်ဖူးကြတဲ့သူတွေလိုမျိုး ဟိုမှာ ကျောင်းကြီး ကျောင်းကြီးဆိုပြီး ၀ိုင်းအော်ရသေးတယ်။ အပြန်ကျမှပဲ ဓာတ်ပုံအ၀ ရိုက်ပစ်မယ်လို့ ကြိမ်းဝါးပြီး ဆေးရုံကို ခရီးဆက်ခဲ့ကြ တယ်။ 
ဆေးရုံကို ရောက်လာတော့ အတူ ပါလာတဲ့ သူငယ်ချင်းတချို့က ကျောင်းတက်တုန်းကလည်း သွားလှူဖူးကြပေမယ့် ကျွန်မက ခုမှ ရောက်ဖူးတဲ့သူမို့  အမှန်အတိုင်းပြောရင် နည်းနည်းတော့ ရင်ခုန်မိတယ်။  ကျောင်းတက်တုန်းက ဆေးရုံရှေ့သာ ခဏခဏရောက်တာ အထဲကို မရောက်ဖူးဘူးလေ။ စိတ်ထဲထင်ထားတာက စိတ်ဝေဒနာရှင်တွေကို သပ်သပ်ထားမယ်ထင်ထားတယ်။ တကယ်တမ်းကျတော့ လူနာတွေက ဒီအတိုင်းပဲသွားလာနေတော့ ဘယ်သူက လူနာမှန်း လူနာရှင်မှန်း အလှူရှင်တွေမှန်းမသိလို့ သေချာလိုက်ကြည့်ရတယ်။ ကျွန်မတို့ကို လိုက်ပြပေးတဲ့ အစိမ်းဝတ်စစ်စတာကြီး က ပြောပြတယ်။ လူနာတွေဝိုင်းကူပေးလို့ ဆေးရုံက တော်တော်သန့်ရှင်းတာ နို့မို့ဆိုရင် ရှိတဲ့ဝန်ထမ်းအင်အားနဲ့ပဲဆိုရင် တော့ ဒီလောက်သန့်ရှင်းအောင် လုပ်ဖို့မလွယ်ဘူးတဲ့။ လာတက်တဲ့သူတွေကလည်း စိတ်ကျန်းမာရေး ချို့တဲ့သူတွေမို့ သူတို့ကို စည်းကမ်းတကျ လုပ်ပါလို့ ဘယ်လိုပြောမလဲတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်မတို့ သွားလှူတဲ့ မုန့်ထုပ်တွေကို လာသယ်ပေးတာလည်း လူနာတွေပဲ။ ပြီးတော့ အဆောင်ကို သန့်ရှင်းရေးလုပ်ခိုင်းထားတာ ကျွန်မတို့ အဆောင်ရှေ့ရောက်သည်အထိ တံမြက်စည်းလှည်းလို့ မပြီးသေးဘူး။ ကြမ်းပြင်မှာရေတွေပါ လောင်းချပြီး ဆေးထားလို့ ချော်မလဲအောင်  မနည်းသတိထား လျှောက်လိုက်ရတယ်။ သူတို့တွေကို အ၀တ်လျှော်တဲ့အဖွဲ့၊ အဆောင်သန့်ရှင်းရေးအဖွဲ့၊ ပန်းကန်ဆေးတဲ့ အဖွဲ့၊ အ၀တ်လဲပေးတဲ့အဖွဲ့ဆိုပြီး အဖွဲ့တွေခွဲပြီး တာဝန်ချထားပေးတယ်တဲ့။ ကိုယ်ကျရာ တာဝန်တွေမှာ လိုလိုချင်ချင်နဲ့ ၀ိုင်းကူလုပ်ပေးနေတဲ့ မြင်ကွင်းလေးကတော့ ကြည်နူးစရာပါပဲ။
  ပထမဆုံး ကျွန်မတို့ မိန်းကလေးဆောင်ကို အရင် သွားကြတယ်။ ကျွန်မတို့လာမယ်ဆိုတာကြို အကြောင်းကြားထားလို့ အဆောင်ပြင်က ကော်ရက်ဒါမှာ လူနာတွေအားလုံး စည်းကမ်းတကျ ငုတ်တုတ် ထိုင်ပြီး တန်းစီစောင့်နေကြတာကို မြင်ရတော့ နည်းနည်းတော့ အံ့သြသွားတယ်။ ပြီးတော့ ကျွန်မတို့ မုန့်တွေမဝေခင်မှာ ကျွန်မတို့နဲ့ မိတ်ဆက်ပေးပြီးတော့ အဖွားတစ်ယောက်က ဦးဆောင်ပြီး ဆုတောင်းပေးတယ်။ သူတိုင်ပေးတာကို ကျန်တဲ့သူတွေအားလုံးလိုက်ဆိုကြတယ်။ ဆုတောင်းပေးပြီးတော့ သီချင်းတစ်ပုဒ်လည်း ဆိုပြတယ်။ တံတားအိုလေးဆိုလား။ ပြီးတော့မှ မုန့်တွေလိုက်ဝေကြရတယ်။ မုန့်ဝေ တော့ ရီစရာ အဖြစ်အပျက်လေးကို ပြောရဦးမယ်။ အန်တီတစ်ယောက်က မုန့်မရသေးဘူးဆိုလို့ ပေးလိုက် တာ။ ဘေးက သူတွေက ၀ိုင်းအော်တယ်။ သူမုန့်ရပြီးပြီတဲ့။ ကျွန်မကြည့်လိုက်တော့ သူ့အကျီ အောက်မှာ မုန့်တစ်ထုပ်ကို ဖွက်ထားလေရဲ့။ ဘေးက လူတွေက ၀ိုင်းအော်လည်း သူကတော့ ခပ်တည်တည်ပဲ။ ထားလိုက်ပါတော့ လို့ ကျန်တဲ့သူတွေကို နှိမ့်သိမ့်ရတယ်။ နောက်တော့ သူငယ်ချင်းတွေ နဲ့ပြန်ပြောဖြစ် တော့ ကျွန်မသူငယ်ချင်းတစ်ယောက် သူဝေတော့လည်းအဲလိုပဲတဲ့။ (ကျန်တဲ့သူတွေက ကျွန်မကို ၀ိုင်းတိုင်ကြပေမယ့် ဒီနေရာမှာတော့ justice ဖြစ်ရမယ်ဆိုပြီး တစ်ယောက်တစ်ထုပ်ပဲ ပြန်ပေးလို့ ဘယ်ပြောကောင်းမလဲနော်။ )
အတူပါလာတဲ့ အဖွဲ့ထဲက ယောက်ျားလေးတစ်ယောက်ကတော့ စိတ်ကူးကောင်းကောင်းနဲ့ cream puff နဲ့ နှုတ်ခမ်းနီတွေပါ လက်ဆောင်ယူလာတယ်။ ပထမတော့ ကျွန်မတို့တွေလည်း ပေးလို့ရလား မရလား မဆုံးဖြတ်တတ်တာနဲ့ ဆရာမတွေကို သူကသွားမေးတော့ ပေးလို့ရတယ်တဲ့။ အသက် ခပ်ငယ်ငယ်လူနာတစ်ယောက်က သူလက်ဆောင်ရထားတဲ့ နှုတ်ခမ်းနီတောင့်ကို ဖွင့်ကြည့်နေတာ တွေ့တဲ့ ကျွန်မသူငယ်ချင်းက လာ ညီမလေး အမ ဆိုးပေးမယ်ဆိုပြီး သွားဆိုးပေးတော့ သူငယ်ချင်းဘေးမှာ  အဖွားအရွယ်တွေရော၊ အဒေါ်အရွယ်တွေရော နှုတ်ခမ်းလေးတွေ လာထိုးပေးကြတယ်။ သူတို့လည်း ဆိုးချင်လို့တဲ့။ (မိန်းကလေးဆိုတော့လည်း ဗီဇက ဖျောက်မရဘူးလေ..လှချင်ကြတာကိုး)။ အဲဒီမှာ ဟိုးအနောက်မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက် က ထပြောတယ်.. ကျွန်မရတဲ့အထဲမှာ နှုတ်ခမ်းနီမပါ ဘူးတဲ့။ သူ့ကိုပေးစရာနှုတ်ခမ်းနီလည်းမရှိတော့လို့ သူ့ကို နှိမ့်သိမ့်ရင်း နှုတ်ခမ်းနီပိုင်ရှင်လေးကိုပဲ တူတူဆိုးနော်။ သူ့ကိုပါ ပေးဆိုးနော်ဆိုပြီး သေချာမှာခဲ့ရတယ်။ နောက်ထပ်တစ်ခါသွားရင်တော့ အလှပြင် ပစ္စည်းလေးတွေပါသယ်သွားရမှာပဲ။
စကားပြောရင်းနဲ့မှ သိလိုက်ရတာက ကျွန်မတို့ကို ဆုတောင်းပေးတဲ့ အဖွားက နယ်နယ်ရရ မဟုတ်ဘူးပဲ။ သူ့အမျိုးသားက ဦးကလင်တန်တဲ့။ သူ့မှာ တိုက်တွေရောကားတွေရော အစုံရှိသတဲ့။ ကလေးတွေကလည်း 1သိန်းလောက်တောင်ရှိတယ်တဲ့။ အဲဒါနဲ့ စစ်စတာကြီးက အမ အခု ခေတ်က ကလင်တန်မဟုတ်တော့ဘူးနော်။ အိုဘားမားဖြစ်နေပြီပြောတော့ သူက ကျွန်မတို့ ရပ်ကွက်မှာတော့ ဦးကလင်တန်က အုပ်ချုပ်ရေးမှူးပဲတဲ့။ တိုက်တွေအများကြီးဆိုတော့ တိုက်တစ်လုံးလောက်ပေးမလား မေးတော့ ငှားမယ်ဆိုရင် ရပါတယ်တဲ့။ သူငယ်ချင်းယောကျာ်းလေးတွေက အဖွားသမီးနဲ့ ကျွန်တော်တို့နဲ့ ဆိုရင် သဘောတူလားဆိုတော့ တင်တောင်းမယ်ဆိုရင် ၊ သူ့သမီးကလည်း ကြည်ဖြူရင် သဘောတူပါတယ်တဲ့။ တင်မတောင်းဘဲ ခိုးပြေးရင်တော့ တရားစွဲရပါလိမ့်မယ်တဲ့။ မေးသမျှ မေးခွန်းတွေကို နည်းနည်းမှ မခံဘူး။ ပြန်ပြောတာ။ မေးတဲ့သူတွေကသာ ဘာဆက်မေးရမှန်းမသိတော့အောင် ဖြစ်ရတာ။ တကယ်တော့ အဲဒီအဖွားက 1984 ခုနှစ်ကတည်းက အဲဒီဆေးရုံမှာ ရောက်နေတာ အပျိုကြီးတဲ့။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးဘူးတဲ့။ သူ့အတွေးထဲမှာပဲ သူပျော်မွေ့နေတာ သနားကရုဏာသက်စရာပါပဲ။ နောက်ထပ် အီဂျစ်သမ္မတ ကတော်လည်းရှိ သေးတယ်တဲ့။ အချိန်မရလို့ စကားတော့မပြောဖြစ်ခဲ့ကြဘူး။ 
နောက်ပြီး အမျိုးသားဆောင်ဖက်ဆီ ဆက်လက်ချီတက်ဖို့အတွက် ဆရာမကြီးဦးဆောင်ရာကို လိုက်ခဲ့ကြပါတော့တယ်။ အမျိုးသားဆောင်ရောက်ရင်ရော ဘယ်လိုတွေကြုံရမလဲဆိုတာ စဉ်းစားရင်းပေါ့။
(ဆက်လက်ဖော်ပြပါမယ်)