Tuesday, 5 August 2014

နှုတ်မရတဲ့ ဆူး

(မြန်မာ့တမန်စာစောင်မှာ ပထမဆုံးရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးပါ)



ဒီနေ့ အိမ်က ထွက်လာတည်းကကို အဆင်မပြေတာ။ မနက်က အိပ်ယာထနောက်ကျလို့ အမြန်အမြန်ထပြီး ရုံးသွားဖို့ ထမင်းအိုးတည်နေတုန်းရှိသေး မီးကပျက်သွားရော။ ထမင်းက ဘယ်လို ကျက်ပါတော့မလဲ။ အဲဒီတော့ ထမင်းချိုင့်မထည့်တော့ဘဲ ထွက်လာခဲ့ရတော့တာပေါ့။ မနက်စာ စားဖို့လည်း အချိန်မရှိတော့ ရေခဲသေတ္တာထဲမှာ မိုင်လိုဘူးလေး တွေ့တာနဲ့ ပေါင်မုန့်ကို ထောပတ်သုတ်ပြီး မိုင်လိုဘူးသောက်ရင်း ကားဂိတ်ကို အမြန်ပြေးရလေသတည်းပေါ့။ အိုး.. လမ်းပေါ်မှာလည်း အမှိုက်တွေချည်းပဲ။ ဘယ်လိုလူတွေလာပြီး အမှိုက်တွေကို ပစ်ချသွားကြလဲမသိ။ လူတွေစည်းကမ်းမရှိတာများ ပြောပါတယ်။ ကားမှတ်တိုင်မှာလည်း ကွမ်းတံတွေးတွေက နေရာအနှံ့ ထွေးကြသေးတယ်။ ရွံဖို့ကောင်းလိုက်တာ။ ကားပေါ်ကျတော့ နေရာလေးရလို့တော်သေးတယ်။ ရတဲ့နေရာမှာ ထိုင်ရင်း ခုနအိမ်က ယူလာတဲ့ ပေါင်မုန့်ကို အေးအေးဆေးဆေးထိုင်စားနေတုန်း ဟော.. ကိုယ့်ရှေ့မှာထိုင်နေတဲ့သူလေ၊ သူ့လက်ထဲက ငှက်ပျောခွံကို လမ်းမပေါ်ကို ပစ်ချလိုက်ရဲ့။ ကိုယ်ကလည်း မြင်ဖြစ်အောင် မြင်သွားသေးတယ်။ အဲဒီငှက်ပျောခွံကို စည်းကမ်းမဲ့လွှတ်ပစ်မယ့်အစား အမှိုက်ပုံးတွေ့မှ ပစ်ပေါ့။ နိုင်ငံကြီးသားမပီသတာများ။ အဲဒါကြောင့် ဒီနိုင်ငံကြီးမတိုးတက်တာလေ။ ဘယ်သွားသွားအမှိုက်တွေချည်းဘဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပါတ်သတ် တဲ့ ထရိန်းနင်တွေ များများပေးမှရမယ်။ ပြီးတော့ စည်းကမ်းလိုက်နာတတ်အောင်လည်း များများသွန်သင်ဖို့ လိုနေလေရဲ့။ ကိုယ်ဆို မိုင်လိုဘူးခွံကို ပစ်မချပါဘူး။ အမှိုက်ပုံးမှာ ပစ်မှာပေါ့။ ကိုယ်လိုလူတွေများများရှိမှ ပဲ နိုင်ငံတိုးတက်မှာပါလေ။
အိုး.. ဆင်းရမယ့် မှတ်တိုင်တောင် ရောက်ပြီပဲ။ ဒီလူတွေအကြောင်းစဉ်းစားနေရတာနဲ့ မှတ်တိုင်ကျော်သွားတော့မလို့ တော်သေးရဲ့။ ကားပေါ်က ဆင်းတာနဲ့ လက်ထဲက အမှိုက်တွေကို အရင် ပစ်ရမယ်။ အယ်… ဘယ်မှာလဲ အမှိုက်ပုံး။ ဒီအစိုးရနဲ့တော့ ခက်ပါပြီ။ အမှိုက်တွေကို အလွယ်တကူ ပစ်နိုင်အောင် အမှိုက်ပုံးထားရမှာပေါ့။ ခုတော့ ဘယ်မှာလဲ အမှိုက်ပုံး။ ဒါနဲ့များ စင်ကာပူလို ဖြစ်အောင်လုပ်ဦးမတဲ့။ ဟွန့်.. ဝေးသေး။ ကဲ..ခုတော့ လက်ထဲက အမှိုက်ကို ဘယ်လို လုပ်ရမလဲ။ ဟော တွေ့ပြီ။ ဟိုလမ်းဘေးက မြောင်းထဲမှာ မသိမသာ ပစ်ခဲ့လိုက်မှပါ။  နို့မို့ဆို ရုံးထဲကို အမှိုက်ထုပ်ကြီးကိုင်ပြီး ၀င်သွားရမှာ ရှက်စရာ။ ရှိုးပျက်တယ်လေ။ အမှိုက်ကို လမ်းဘေးကို ပစ်လိုက်ရင်း ငယ်ငယ်တုန်းကဆိုခဲ့ရတဲ့ Sunday school သီချင်းလေးငြီးရင်း ရုံးထဲဝင်လာခဲ့တယ်။ ခုမှပဲ လောကကြီးက သာယာသွားတော့တယ်။
“ ဟိုလူမျက်လုံးထဲမှာ အလွန်ငယ်တဲ့ ဆူးလေးကို တွေ့တယ်….
ကိုယ့်မျက်စိအထဲ ဆူးကြီးကြီးဟာလည်း ခိုးလုခုလု ဖြစ်ကာနေတော့တယ်….”