Wednesday, 26 June 2013

ချစ်ရတဲ့မြန်မာစာ


ရုံးမှာ အင်္ဂလိပ်ဘာသာကနေ မြန်မာစာကို ဘာသာပြန်ကြည့်တဲ့အခါ မြန်မာစာရဲ့ ဝေါဟာရ ကြွယ်ဝကို ပိုပြီးသိလာစေတယ်။ weekend ဆိုတဲ့စကားလုံးကို ပဲ ရက်သတ္တပတ်အကုန်လို့ ဘာသာပြန်ရမလား.. စနေတနင်္ဂနွေလို့ ပဲ ဘာသာပြန်ရမလား စဉ်းစားကြည့်တော့ မဟုတ်သေးပြန်ဘူး။ သူ့မူရင်းမှာ စာကြောင်းမှာ ရေးထားတဲ့ weekend ဆိုတာမှာ ရုံးပိတ်ရက်ကိုပြောချင်တာ.. စနေနေ့ ရုံးတက်ရတဲ့သူတွေလည်းရှိသေးတော့ နောက်ဆုံး စနေတနင်္ဂနွေရုံးပိတ်ရက်များတွင်လို့ရေးလိုက်မှ ပဲ သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ရောက်သွားတော့တယ်။ ရုံးကနေအပြန်ကျတော့ အိမ်မှာ အေးအေးဆေးဆေးဝတ္ထုဖတ်မယ်ဆိုပြီး ယူလိုက်တော့ ဆရာမ ကြည်အေးရဲ့ “မီ” ဖြစ်နေတယ်။ အဲဒီမှာ ဆရာကြီး ဒဂုန်တာရာက အမှာစကားရေးပေးတော့ ဆရာက သူ့ရဲ့ မေ၀တ္ထုထဲမှာ အပြုံး၊ လေနုအေး စတဲ့ စကားလုံးတွေကို ထွင်သုံးခဲ့ရင်း အခြားသူတွေပါ လေနုအေးကုန်ကြလို့ ကြာတော့ သူပါ အဲဒီစကားလုံးကို မုန်းလာကြောင်း၊ ဒစ္စနေးအပြာလို့ သုံးမိလို့ စာရေးဆရာတွေကြားထဲ မှာ တော်တော် ရှင်းပြယူရတဲ့အကြောင်းဖတ်ရတယ်။  
အဲဒီမှာတင် မြန်မာဝေါဟာရလှလှလေးတွေ အကြောင်းခေါင်းထဲရောက်လာတယ်။ ငယ်ငယ်က သင်ခဲ့တဲ့ကဗျာထဲမှာ မှတ်မှတ်ရရ “မြူမင်းလွင်ထန်”ဆိုတဲ့ စကားလုံးလေးကို အရမ်းသဘောကျခဲ့တာ ..ခုထက်ထိ ပဲ။ နောက် ဆရာမဂျာနယ်ကျော် မမလေးရဲ့ “မုန်း၍မဟူ” ကိုဖတ်မိတော့ အဲဒီ စကားလုံးလေးကို ကြိုက်လိုက်တာ။ အဓိပ္ပါယ်အပြည့်ရှိသလို စကားလုံးကိုကလှနေတာ။ ကိုယ်သာ ဆရာမနေရာမှာဆို မုန်းလို့တော့မဟုတ်ပါ တို့ဘာတို့ ခေါင်းစဉ်တပ်မိမလားဘဲ။ ပြီးတော့ ဆရာမကြည်အေးရဲ့ ကဗျာတစ်ပုဒ်လိုခံစားရတဲ့ စကားပြေရေးဟန်တွေ။ မေတ္တာမီးအိမ်ဝတ္ထုထဲမှာ စကားပြောတဲ့နေရာမှာ တွေ့ဆုံကြုံကြိုက်ချင်တယ်လို့ ထည့်သုံးသွားတာဖတ်မိတော့.. လှလိုက်တာ။ Gone with the wind ကိုပဲ မိုးနှင့်လေနှင့်မုန်တိုင်းနှင့်လို့ ဘာသာပြန်ထားတာ ဖတ်မိသလို ဆရာမြသန်းတင့် ခေါင်းစဉ်တပ်လိုက်တော့လေရူးသုန်သုန်ဖြစ်သွားရော..စကားလုံးလေးလုံးထဲပေမယ့် ကျစ်လစ်လိုက်တာ၊ သဘောကျလိုက်တာ။ 
အဲလိုလှပတဲ့ စကားလုံးတွေ၊ ဝေါဟာရတွေကို စထွင်တဲ့သူတွေရှိနေတယ်၊ သုံးစွဲနေကြပေမယ့် ကျွန်မတို့ဆီမှာ treasure english လိုမျိုး စာအုပ်တွေ ကို ကျွန်မလက်လှမ်းမီသလောက်အထိတော့ မတွေ့မိဘူး။ မြန်မာစကားလုံးဝေါဟာရတွေရဲ့ အဓိပ္ပါယ် တွေ၊ ဖြစ်နိုင်ရင် စထွင်ခဲ့တဲ့သူရဲ့နာမည်၊ စာအုပ် အစရှိသဖြင့် ပြုစုနိုင်ရင်တော့ အရမ်းကောင်းမှာပဲ။ မြန်မာစာအဓိက ယူတဲ့သူ တွေ thesis ရေးခဲ့ဘူးမလားတော့မသိဘူး။ အဲလိုလုပ်နိုင်ရင်တော့ အရမ်းကို ရေးလို့ကောင်းမယ့် တန်ဖိုးရှိတဲ့ ကျမ်းတစ်စောင်ဖြစ်လာ မှာပဲ။ ဒါမှမဟုတ်လည်း မြန်မာစာပညာရှင်တွေပူးပေါင်းပြီး ကော်မတီဖွဲ့ပြီးလုပ်နိုင်ရင် မြန်မာစာပေအတွက် အရမ်းအဖိုးတန်မှာပဲ။ ကျွန်မ တော့ ခုထိ ၀ါသနာရှင်အဆင့်ပဲရှိသေးတော့ (ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ဆိုပေမယ့်) ကျွန်မဘ၀အတွက် ချမှတ်ထားတဲ့ mission ထဲမှာ အဲဒီလုပ်ငန်းကိုပါထည့်လိုက်ပြီ။ အဲလိုမျိုးရှိပြီးသားဆိုလည်း လမ်းညွှန်ပေးကြပါဦး။ ဒါမှမဟုတ်လည်း ၀ိုင်းဝန်း ကြိုးစားကြရအောင်လား။

PS (မနေ့က facebook status မှာ အင်္ဂလိပ်ဝေါဟာရကနေ မြန်မာဘာသာပြန်ရတာ ခက်တာကို ညည်းမိလို့ အမတစ်ယောက်ကွန်မက်ဝင်ပေးရာကနေ စိတ်ကူးပေါက်သွားလို့ ဒီပို့စ်ကို ရေးဖြစ်တာ..)

Thursday, 16 May 2013

စာကြည့်တိုက်ထဲက ဘ၀များ

ဒီနေ့စာကြည့်တိုက်မှာ အလုပ်စဆင်းတယ်။ လက်ထောက်စာကြည့်တိုက်မှူးရာထူးဆိုပေမယ့် အထင်မကြီးလေနဲ့။ ကိုယ့်အထက်မှာ အချိန်ပြည့်စာကြည့်တိုက်မှူးအမကြီးတစ်ယောက်ထဲရှိတာလေ။ ကိုယ်က ငယ်ငယ်ကတည်းက ဒီရပ်ကွက်လေးရဲ့ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်မှာ ပင်တိုင်စာဖတ်သူ ဆိုတော့ ကိုယ်လည်း ဆယ်တန်းဖြေပြီး အောင်စာရင်းစောင့်နေတုန်းစာကြည့်တိုက်မှာ သမီးလာကူပါလား လို့ စာကြည့်တိုက်ကော်မတီဝင်တွေက ပြောတာနဲ့ ၀မ်းသာအားရလက်ခံလိုက်တယ်။ အတွေ့အကြုံလည်း ရ၊ ကိုယ်ကြိုက်တဲ့စာအုပ်တွေကိုလည်း အားရပါးရ ဖတ်ခွင့်ရတော့မှာကိုး။ အလုပ်စဆင်းတဲ့တစ်ပတ်အတွင်းတော့ စာအုပ်လာငှားတဲ့သူတွေအတွက် စာအုပ်ငှားပေးတဲ့ ကိစ္စ၊ အသင်းဝင်တွေဆီက အသင်းဝင်ကြေးတွေလက်ခံတဲ့ကိစ္စ၊ စာကြည့်တိုက်ဝင်အသစ်တွေအတွက် အသင်းဝင်ကဒ်တွေထုတ်ပေးတဲ့ကိစ္စတွေနဲ့ အချိန်ကုန်သွားတယ်။ ဒုတိယပတ်ကနေစပြီး ဆရာမ(စာကြည့် တိုက်မှူးအမ)က စာအုပ်တွေကို အမျိုးအစားခွဲတဲ့နည်းစသင်တယ်။  classification ပေါ့။ အသစ် ၀င်လာတဲ့ စာအုပ်တွေကို ဘယ်ခေါင်းစဉ်အောက်မှာ ထားမလဲပေါ့။ ရည်ညွှန်း(reference)စာအုပ်လား၊ ရသစာပေ အမျိုးအစားလား၊ သုတစာပေအမျိုးအစားလား၊ ဘာသာရပ်ဆိုင်ရာစာအုပ်လား၊ ရသဆိုလည်း ၀တ္ထုလား၊ ကဗျာလား စသဖြင့်ပေါ့လေ။ ဆရာမက နေ့တိုင်း ကျွန်မကို စာအုပ်တစ်အုပ်ပြလိုက်၊ အဲဒီစာအုပ်ကို ဘယ်စာအုပ် အမျိုးအစားအောက်မှာထားမလဲမေးလိုက်လုပ်နေတော့ အဲဒီမှာတင်ပြဿနာက စတော့တာပဲ။ ကိုယ်က စာအုပ်တွေတင်မဟုတ်ဘဲ တွေ့သမျှလူတွေကိုပါ ဘယ်ခေါင်းစဉ်အောက်ထားမလဲ စဉ်းစားနေမိတော့တာ လေ။ 
ပထမတော့ ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိစာအုပ်ကိုကြည့်ပြီး ဒီစာအုပ်ဆိုရင်တော့ အထ္ထုပ္ပတ္တိစာပေများ ခေါင်းစဉ်အောက်မှာထားမယ်ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ကိုယ်တို့ နေနေတဲ့ လောကကြီးက  စာကြည့်တိုက်အကြီးကြီးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူပုဂ္ဂိုလ်က လူတိုင်း လေးစား အားကျရတဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်လေတော့ သူ့ကိုဆိုရင်တော့ reference စာရင်းထဲမှာ ထားရ မှာပေါ့။  သူ့အကြောင်းတွေကိုကိုးကားပြီး ပြောလေ့ရှိကြတယ်မလား။ အဲဒီလိုတွေးမိနေရင်းနဲ့ မျက်စိက ဆရာမဆီ ရောက်သွားလေရဲ့။
ကိုယ်တို့ရဲ့စာကြည့်တိုက်မှူး ဆရာမက အလယ်တန်းပြဆရာမလေးလေ။ မနက်ပိုင်းမှာ ကျောင်းသွားပြီး ညနေ3 နာရီလောက်ကနေစပြီး စာကြည့်တိုက်မှာထိုင်တယ်။ ဒီစာကြည့်တိုက် ဖွင့်ဖို့ကို လည်း သူပဲစပြီး ဆော်သြခဲ့တာ။ လူငယ်တွေ၊ ကလေးတွေကို စာများများဖတ်ဖို့အားပေးလေ့ရှိတဲ့ ဆရာမလေးလေ။ သူ့ကျတော့ လူမှုရေးစိတ်ဓာတ်အပြည့်ရှိပြီး လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ကူညီပေးတဲ့သူဆိုတော့  လူမှုရေးသိပ္ပံခေါင်းစဉ်အောက်မှာ ထားရရင်ကောင်းမလား မသိ ဘူး။
အဲလိုနဲ့ အိမ်ပြန်လာတော့ လမ်းမှာ ရပ်ကွက်ထဲက လူတစ်ယောက်နဲ့တွေ့တယ်။ သူက အလုပ်မယ်မယ်ရရ မလုပ်ဘဲ အချိန်တိုင်းအရက်သောက်လိုက်၊ ရန်ဖြစ်လိုက်၊ မိသားစုကို ဒုက္ခပေးလိုက် နဲ့ အဲလိုလူမျိုး။ ဆန်ကုန်မြေလေးလို့ ခေါ်ရမလားပဲ။ သူ့ကို ဆိုရင်တော့ စာကြည့်တိုက်မှာ တင်သင့်တဲ့စာအုပ် စာရင်းထဲမှာ ပါမယ့်လူမျိုးမဟုတ်ဘူး။ ကိုယ်တို့ ရဲ့ စာကြည့်တိုက်မှူးဆရာမကပြောလေ့ရှိတယ်။ စာကြည့်တိုက်မှာ စာဖတ်သူကို ပညာမရစေဘဲ အဆိပ်အတောက်ဖြစ်စေတဲ့ စာအုပ်မျိုးတွေမထားနဲ့တဲ့။
နောက်ရက်တော့ စာကြည့်တိုက်ကအပြန် သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားတော့ သွား ဖြစ်တယ်။ အဲဒီမှာ သူငယ်ချင်းတွေထဲက တစ်ယောက်က အခြားသူတွေကို အမြဲပျော်အောင် လိုက်စ တတ်တယ်။ သူက ဘာမဆို စိတ်ညစ်စရာတွေ့ရင်တောင် ဟာသ လုပ်ပစ်တတ်တဲ့လူမျိုးလေ။ သေချာ တယ်။ သူ့ကိုဆိုရင်တော့ ဟာသ စာပေအောက်မှာပဲ ထားရမှာ။ အားလုံးကို ပျော်ရွှင်စေတတ်တဲ့သူလေ။
အိမ်ရောက်တော့ မေမေ့ကို ကြည့်မိတယ်။ မေမေက ကိုယ်တို့မောင်နှမတွေကို အတွက် အလေးစားဆုံးနဲ့ အချစ်ရဆုံး ပုဂ္ဂိုလ်ပဲလေ။ သူ့ဘ၀မှာအမြဲတမ်းအိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်နေပြီး   ကိုယ်တို့မောင်နှမတွေကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးခဲ့တယ်။ သူ့စိတ်ထဲမှာ ကိုယ်တို့တွေအတွက်ပဲ အမြဲစဉ်းစားပေးတယ်။ ကိုယ်တို့ဝမ်းနည်းစရာတွေ့ရင်လည်း နှစ်သိမ့်ပေးတဲ့မေမေဆိုတော့ ဘာသာရေး စာပေခေါင်းစဉ်အောက်မှာ ထားရမယ်ထင်တယ်။ ဘာသာရေးစာပေဆိုတာ ကျွန်မတို့စာကြည့်တိုက်မှာ ခဏခဏ အမြဲတမ်းအငှားရဆုံးဖြစ်မနေပေမယ့် မရှိမဖြစ် ထားရမယ့် စာအုပ်အမျိုးအစားလေ။ အမေဆိုတဲ့ ခေါင်းစဉ်ကတော့ အဲလို သဘောမျိုးဖြစ်မယ်ထင်တယ်။ တစ်ခါတစ်ခါ လူတွေက ကိုယ့်အမေကို စိတ်ထဲမှာ ရှိပေမယ့် အလေးထားဖို့မေ့နေတတ်တဲ့ သူတွေရှိတယ်မလား။
နောက်တော့ ကိုယ်တို့ရဲ့ အကိုကြီး။ သူကတော့ ဆရာဝန်၊ ပါရဂူဖြစ်အောင်ကြိုးစားနေတဲ့သူ။ သူ့ပညာမှာ ထူးချွန်သလို လူနာတွေကိုလည်း နွေးနွေးထွေးထွေးဆက်ဆံတတ်လို့ လူနာတွေက အားကိုးရတဲ့ဆရာဝန်တစ်ယောက်။ သူကတော့ ပညာရပ်ဆိုင်ရာ စာအုပ်စင်ပေါ်မှာ ကျကျနန နေရာ ယူထားတဲ့သူပဲ။ ပညာရပ်တစ်ခုကို ထူးထူးချွန်ချွန်တတ်မြောက်အောင်လုပ်ရင်လည်း စာကြည့်တိုက်ထဲက ဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်တစ်ခုမှာ ခန့်ခန့်ထည်ထည် နေရာယူနိုင်တာပဲနော်။
ထူးချွန်တဲ့ အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တွေကျတော့ စာကြည့်တိုက်မှာ လူကြိုက်များတဲ့စာအုပ်တွေပေါ့။
အဲဒီလိုတွေစဉ်းစားပြီး ကိုယ့်အတွေးနဲ့ ကိုယ် သဘောကျနေတုန်း ရုတ်တရက် ကိုယ့်မျက်လုံး က မှန်ဆီကို ကြည့်မိပြီးလန့်သွားတယ်။ ကိုယ်ဆိုရင်ရော? ဘယ်ခေါင်းစဉ်အောက်မှာထားရမလဲ? သေချာ တာတော့ စာကြည့်တိုက်မှာ ထားသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်အောင်ကြိုးစားရမှာပဲ။ reference စာအုပ်ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော်။ 

Wednesday, 13 February 2013

တစ်နှစ်ပြည့်လေပြီ


Blog လေးရေ..
          မင်္ဂလာပါ။ ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင် ကျွန်မရဲ့ blog လေး တစ်နှစ်ပြည့်ခဲ့ပြီနော်။ တွေးကြည့်လိုက်တော့ တစ်နှစ် ဆိုတဲ့အချိန်က ခဏလေးပဲ။ အခုတလော အလုပ်တွေများနေတာနဲ့ blog လေးကို သေချာဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်နှစ်ပြည့်တဲ့နေ့မှာ blog လေးအတွက် စာတစ်စောင်တော့ ရေးဖြစ်အောင် ရေးမယ် ဆိုပြီး ဆုံးဖြတ်ထားခဲ့တာ တကယ်တမ်း   ဘာရေးရမလဲစဉ်းစားကြည့်တော့ စိတ်ကူးလို့ကို မရပြန်ဘူး။ ဒီတော့ blog လေးကို စပြီး အကောင်အထည်ဖော် ဖွင့်ဖြစ်ခဲ့တဲ့ အကြောင်းကိုပဲ အမှတ်တရ ပြောပြရရင် ကောင်းမယ်လို့ တွေးမိတာပဲ။ နားထောင်မယ် .. ဟုတ်။
          ဘယ်ကစပြောပြရမလဲဆိုရင် ငယ်ငယ်ကတည်းက စာဖတ်ရတာကို အရမ်းခုံမင်ခဲ့ တဲ့အကြောင်းက စရမှာပဲထင်တယ်။ ဘယ်အချိန်မှာ ဘယ်သူမေးမေး၊ ၀ါသနာ ဆိုရင် စာဖတ်ခြင်းလို့ပဲ ဖြေခဲ့မိတာ ငယ်ငယ်ကတည်းကဆိုပါတော့။ ဖေဖေကစပြီး တစ်မိသားစု လုံး စာဖတ်ဝါသနာပါသူတွေမို့ အိမ်မှာ အများဆုံးက စာအုပ်တွေလို့တောင် ပြောလို့ရ တယ်။ စာမတတ်ခင် ကလေးလေးအရွယ်ကတည်းက မေမေ့ရဲ့ အိပ်ယာဝင် ပုံပြင်တွေနဲ့ ကြီးပြင်းလာသူဆိုတော့ စာနည်းနည်းဖတ်တတ်စပြုတဲ့ အရွယ်ရောက်တော့ ရွှေသွေးတွေ၊ ပုံပြင်စာအုပ်တွေ၊ ကာတွန်းတွေ၊ မင်္ဂလာမောင်မယ် စာစောင်တွေကို ခုံခုံမင်မင်ဖတ်တတ် ခဲ့တာ မဆန်းဘူးထင်တယ်။ အဲဒီကနေတဆင့် ဆရာဖေမြင့်တို့လို သုတစာပေတွေ၊ ဆရာမမစန္ဒာတို့၊ ဆရာမဂျာနယ်ကျော်မမလေးတို့၊ ဆရာဆင်ဖြူကျွန်းအောင်သိန်း တို့ရဲ့ဝတ္ထုတွေ၊ ဆရာရွှေဥဒေါင်းဘာသာပြန်တဲ့ ရှားလော့ဟုမ်းဝတ္ထုတွေဆိုတာ ကျွန်မရဲ့အသည်းစွဲတွေပေါ့။ ပထမဆုံးစဖတ်ဖူးတဲ့ ၀တ္ထုစာအုပ်က မေမေ လက်ဆောင်ဝယ်ပေးတဲ့ ဆရာဆင်ဖြူကျွန်းအောင်သိန်းရဲ့ ကိုဆေးရိုးပေါ့။ ဆယ်တန်း ဖြေနေတုန်း ဖေဖေ စာအုပ်တွေရှင်းနေတဲ့နေရာဆီမှာ မယောင်မလည်သွား လုပ်ရာက ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ လေရူးသုန်သုန်ဝတ္ထု နှစ်အုပ်တွဲစာအုပ်ကို တွေ့တော့ ဖတ်ချင်လွန်းလို့ စာမေးပွဲကို မြန်မြန်ပြီးပါစေ ဆုတောင်းရင်း စာမေးပွဲပြီးတာနဲ့ သူငယ်ချင်းတွေ လျှောက်လည်တာတောင် မလိုက်နိုင်ဘဲ အိမ်အမြန်ပြန်ပြီး အဲဒီဝတ္ထုကို ကြိုးစားပမ်းစား ဖတ်တာ စာအုပ်ကအထူကြီးနှစ်အုပ် ဆိုတော့ နေ့ရောညပါ နှစ်ရက်လောက် ဖတ်ယူရတာ ပြန်တွေးလိုက်တိုင်းအမှတ်တရပဲ။ အဲဒီကမှ ဆရာမောင်မိုးသူတို့၊ ဆရာထင်လင်း တို့ရဲ့ ဘာသာပြန်စာပေတွေကို ကြိုက်နှစ်သက်မိပြန်ရော။ ဆရာမကြည်အေးရဲ့ ၀တ္ထုတွေကို ဖတ်ပြီး သူ့အရေးအသားစွဲလမ်းလွန်းတာနဲ့ ဒီဝတ္ထုကောင်းလွန်းလို့ ဖတ်ကြည့်ပါဆိုပြီး သူငယ်ချင်းတစ်ယောက်ကို ပေးဖတ်လိုက်တာ ဘာတွေရေးထားမှန်း မသိဘူး ပြောလို့ သူ့ကို တစ်ပတ်လောက် စကားမပြောဘဲ နေခဲ့ဘူးတယ်။ အဲဒီလို စာတွေဖတ်ရာက စာရေးချင်တဲ့ စိတ်ပေါက်လာတာ ၀တ္ထုရေးမယ်ကြံတော့ ဘယ်ကစရေးရမှန်းမသိ၊ ကဗျာစပ်ဖို့ကြိုးစားလည်း မစပ်တတ်နဲ့ နောက်ဆုံးအကြံရပြီး Sir Arthur Conan Doyle ရဲ့ မူရင်းဝတ္ထု မှာ ဆရာရွှေဥဒေါင်းဘာသာပြန်ထားတာ မဖတ်ဘူးသေးတဲ့ ၀တ္ထုကို ဘာသာပြန်မဟဲ့လို့ စိတ်ကူးပြီး ဘာသာပြန်ကြည့်ပါတယ်။ အင်္ဂလိပ်လိုဖတ်ရင်လည်း နားလည်ပါလျှက် မြန်မာလို ပြန်ရေးတော့ အဆင်မပြေ၊ မြန်မာလို အဆင်ပြေအောင် ရေးတော့ မူရင်းဝတ္ထုရဲ့ အာဘော်လွဲနဲ့ ဘာသာပြန်ကြည့်ရင်း ပြန်ကြည့်ရင်းနဲ့ ဘာသာပြန်စာပေရေးတဲ့ ဆရာတွေကို ပိုပိုပြီးလေးစားလာမိတော့တာပဲ။ အဲဒီလို ကြိုးစားပမ်းစား ဘာသာပြန်ကြည့်နေတုန်း တက္ကသိုလ်စတက်ဖို့ ခေါ်စာ ရောက်လာတာနဲ့ ကျွန်မရဲ့ ဘာသာပြန်မှုကြီး တစ်စခန်းရပ်သွားလေရဲ့။ နောက်တော့ churchက ထုတ်တဲ့ လူငယ်စာစောင်မှာ ပုံပြင်လေးတွေ ၀င်ရေးဖြစ်တယ်။ စာလေးတွေ ၀င်ရေးဖြစ်တယ်။ အဲဒါက လွဲရင် စာရေးတဲ့အလုပ်ကို ဆက်မလုပ်ဖြစ်ဘူးဆိုပါတော့။
          အင်တာနက်ကို စသုံးဖြစ်တော့လည်း Blog ဆိုတာကို သိတောင်မသိဘူး။ Blog မပြောနဲ့ ကျွန်မ စီးပွားရေးတက္ကသိုလ်တက်တဲ့တစ်လျှောက်လုံး အင်တာနက်ဆိုတာ သိတောင်မသိဘူး။ Computer တောင် အိမ်မှ အစ်မသင်ပေးလို့ သုံးတတ်တာ။  အင်တာနက်စသုံးဖြစ်တာကလည်း ၂၀၀၅ ခုနှစ်မှာ ညနေပိုင်းဖွင့်တဲ့ တက္ကသိုလ် (BARS) ကိုစတက်မှ တင်ရတဲ့ Assignment တွေအတွက် Data တွေလိုလို့ ဆရာတွေက Internet မှာသွားရှာဆိုလို့ Internet စသုံးဖူးတာ။ Blog ဆိုတာကို ၂၀၁၀ မှာ အစ်မရှိတဲ့ စင်ကာပူကို အလည်သွားတော့မှ ဘုရားစူး စဖတ်ဖူးတယ်။ အဲဒီလောက် ကျွန်မခေတ်နောက်ကျခဲ့တာ။ ဒီပြန်ရောက်တော့ လည်း Blog တွေကို ပိတ်ထားတော့ ကိုယ်ကလည်း ဆိုဒ်မကျော်တတ်နဲ့ မဖတ်ဖြစ်တော့ပြန်ဘူး။ ၂၀၁၂ မှာ Blog တွေကို စဖွင့်လို့ရတော့မှ Bloggerတွေ ရေးထားတာတွေကို လိုက်ဖတ်ရင်းနဲ့ ကျွန်မရဲ့ စာရေးချင်တဲ့ ရောဂါက ပြန်ထလာရော။ အဲဒါနဲ့ပဲ Blog လေးရေ.. မှတ်မှတ်ရရ ၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှာ စပြီး ရေးဖြစ်ခဲ့တယ်ဆိုပါတော့။
           ပထမတော့ ကိုယ်ရေးချင်တဲ့ အက်ဆေးလိုလို စာလေးတွေကို ရေးရင်းနဲ့ ကိုယ်ရေးထားတာလေးတွေကို ပြန်ဖတ်၊ Blog လေးကို ထိုင်ကြည့်ရင်းနဲ့ ပီတိဖြစ်နေတာ။ နောက်တော့ ကိုယ့်ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ ဆရာတွေကို ပေးဖတ်နဲ့ မအားရဘူး။ အကိုတစ်ယောက်ဆို သူ့ကို gtalk မှာ တွေ့တော့ Hi လုပ်ရုံပဲရှိသေးတယ်။ နင်က ငါ့ကို တွေ့တာနဲ့ Hi လုပ်မယ် ပြီးရင် နင့် blog ဖတ်ခိုင်းမယ် မလားလို့ မေးတော့မှ ရှက်ပြီး ကိုယ့်အရှိန်ကိုယ်ပြန်သတ်ရတယ်။ အဲဒီကနေတဆင့် တစ်နေ့တစ်နေ့ ကိုယ့်ဆိုဒ်ကို ၀င်ကြည့်တဲ့သူဘယ်နှစ်ယောက်ရှိလဲဆိုတာ ထိုင်ကြည့်ရတာ အလုပ်တစ်ခု၊ တစ်ချို့ဆိုရင် search engine မှာ ရှာရာက ကျွန်မရဲ့ ဘလော့ပါ ပေါ်လာလို့ မတော်တဆ ၀င်ကြည့်ရတဲ့ သူတွေလည်းရှိရဲ့။ အဲဒီလိုနဲ့ ပီတိဖြစ်လာလိုက်တာ ခုဆိုရင် တစ်နှစ် ပြည့်သွားပါရောလား.. Blog လေးရေ။
          ဘာပဲဖြစ်ဖြစ်.. ကျေးဇူးပါနော်.. နောက်နှစ်ပေါင်းများစွာတိုင်အောင် ကျွန်မရဲ့ Blog လေးကို ရှင်သန်အောင် ရေလောင်းပေါင်းသင်ပေးမှာမို့… (ကိုရီးယားကားထဲက စကားနဲ့ပြောရရင်) Blog လေးရေ.. ကျွန်မအတွက် အသက်ရှင်ပေးနေရမယ်နော်….
                                                                             ချစ်ခင်စွာဖြင့်

Friday, 8 February 2013

မမလီဆာလိုင်ဇာ ရောက်ဘူးလား

မမလီဆာဟာ `ဒိုင်းနမိုက်´ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကို စွဲခဲ့တာ
ဂစ်တာသံတွေတဒိုင်းဒိုင်းကြားရင်းနဲ့ အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာမိသွားတယ်
`ဒိုင်းနမိုက်´ ၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ `ဒိုင်းနမိုက်´
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ ၊ နိုင်ငံခြားကမတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
`ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ ၊ သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည့်ပဲ
တောင့်တခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေးယင်လုံအိမ်သာလေး
`ဒိုင်းနမိုက်´၊ မမလီဆာဟာ ကျွန်တော့်ရဲ့ sex symbol ပဲ
တစ်ခါ ၊`ပြည့်ဝ´မှာ မမလီဆာက ကျွန်တော့်ကိုပဲ လက်ညှိုးထိုးပြီး
`မောင်´သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အညှိုးနဲ့ ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက် ၊ အချောဖက် ၊ ငွေဖက် ၊ အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက် ၊ ကျွန်တော်ပေါက်ကွဲပေါ့ ၊ ဒိုင်းနမိုက်
`သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
လက်နက်ကြီးတွေ ၊ စစ်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ ၊ တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဘက်နိုင်ငံထဲခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့ မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ ဖေါရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး ၊
ဒိုင်းနမိုက်။ မာလာဆောင်ပြည်လမ်းရဲ့ ရှေ့မှာ ၊ ဒိုင်းနမိုက်
မမလီဆာ ၊ ကျွန်တော်လက်နက်ချလို့ အလင်းဝင်ခဲ့ပါပြီ
ခြေတု ၊ လက်တုကအစ အတုတွေတပ်စင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်း တင်ဆက်ဖျော်ဖြေပေးရတယ် ၊ ချစ်ကြည်ရေး
စင်အောက်လည်း တင်ဆက်ရပြန်တယ် ၊ ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ ၊ သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ် ၊ ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင် ပြည်ထောင်စုအထွဋ်အထိပ်
ရောက်မလား ၊ ဒိုင်းနမိုက် ၊ အိပ်ယာထဲမှာ ဒိုင်းနမိုက်
ဖေါရင်းက လာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဘိုးနဲ တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့ ၊ ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်းဒိုင်းကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ် ၊ ချစ်လို့ပါကွယ်
မမလီဆာ ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စား ဒိုင်းနမိုက်၊ တစ်ဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်။ ။



ဇေယျာလင်း