Wednesday, 26 June 2013

ချစ်ရတဲ့မြန်မာစာ


ရုံးမှာ အင်္ဂလိပ်ဘာသာကနေ မြန်မာစာကို ဘာသာပြန်ကြည့်တဲ့အခါ မြန်မာစာရဲ့ ဝေါဟာရ ကြွယ်ဝကို ပိုပြီးသိလာစေတယ်။ weekend ဆိုတဲ့စကားလုံးကို ပဲ ရက်သတ္တပတ်အကုန်လို့ ဘာသာပြန်ရမလား.. စနေတနင်္ဂနွေလို့ ပဲ ဘာသာပြန်ရမလား စဉ်းစားကြည့်တော့ မဟုတ်သေးပြန်ဘူး။ သူ့မူရင်းမှာ စာကြောင်းမှာ ရေးထားတဲ့ weekend ဆိုတာမှာ ရုံးပိတ်ရက်ကိုပြောချင်တာ.. စနေနေ့ ရုံးတက်ရတဲ့သူတွေလည်းရှိသေးတော့ နောက်ဆုံး စနေတနင်္ဂနွေရုံးပိတ်ရက်များတွင်လို့ရေးလိုက်မှ ပဲ သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ရောက်သွားတော့တယ်။ ရုံးကနေအပြန်ကျတော့ အိမ်မှာ အေးအေးဆေးဆေးဝတ္ထုဖတ်မယ်ဆိုပြီး ယူလိုက်တော့ ဆရာမ ကြည်အေးရဲ့ “မီ” ဖြစ်နေတယ်။ အဲဒီမှာ ဆရာကြီး ဒဂုန်တာရာက အမှာစကားရေးပေးတော့ ဆရာက သူ့ရဲ့ မေ၀တ္ထုထဲမှာ အပြုံး၊ လေနုအေး စတဲ့ စကားလုံးတွေကို ထွင်သုံးခဲ့ရင်း အခြားသူတွေပါ လေနုအေးကုန်ကြလို့ ကြာတော့ သူပါ အဲဒီစကားလုံးကို မုန်းလာကြောင်း၊ ဒစ္စနေးအပြာလို့ သုံးမိလို့ စာရေးဆရာတွေကြားထဲ မှာ တော်တော် ရှင်းပြယူရတဲ့အကြောင်းဖတ်ရတယ်။  
အဲဒီမှာတင် မြန်မာဝေါဟာရလှလှလေးတွေ အကြောင်းခေါင်းထဲရောက်လာတယ်။ ငယ်ငယ်က သင်ခဲ့တဲ့ကဗျာထဲမှာ မှတ်မှတ်ရရ “မြူမင်းလွင်ထန်”ဆိုတဲ့ စကားလုံးလေးကို အရမ်းသဘောကျခဲ့တာ ..ခုထက်ထိ ပဲ။ နောက် ဆရာမဂျာနယ်ကျော် မမလေးရဲ့ “မုန်း၍မဟူ” ကိုဖတ်မိတော့ အဲဒီ စကားလုံးလေးကို ကြိုက်လိုက်တာ။ အဓိပ္ပါယ်အပြည့်ရှိသလို စကားလုံးကိုကလှနေတာ။ ကိုယ်သာ ဆရာမနေရာမှာဆို မုန်းလို့တော့မဟုတ်ပါ တို့ဘာတို့ ခေါင်းစဉ်တပ်မိမလားဘဲ။ ပြီးတော့ ဆရာမကြည်အေးရဲ့ ကဗျာတစ်ပုဒ်လိုခံစားရတဲ့ စကားပြေရေးဟန်တွေ။ မေတ္တာမီးအိမ်ဝတ္ထုထဲမှာ စကားပြောတဲ့နေရာမှာ တွေ့ဆုံကြုံကြိုက်ချင်တယ်လို့ ထည့်သုံးသွားတာဖတ်မိတော့.. လှလိုက်တာ။ Gone with the wind ကိုပဲ မိုးနှင့်လေနှင့်မုန်တိုင်းနှင့်လို့ ဘာသာပြန်ထားတာ ဖတ်မိသလို ဆရာမြသန်းတင့် ခေါင်းစဉ်တပ်လိုက်တော့လေရူးသုန်သုန်ဖြစ်သွားရော..စကားလုံးလေးလုံးထဲပေမယ့် ကျစ်လစ်လိုက်တာ၊ သဘောကျလိုက်တာ။ 
အဲလိုလှပတဲ့ စကားလုံးတွေ၊ ဝေါဟာရတွေကို စထွင်တဲ့သူတွေရှိနေတယ်၊ သုံးစွဲနေကြပေမယ့် ကျွန်မတို့ဆီမှာ treasure english လိုမျိုး စာအုပ်တွေ ကို ကျွန်မလက်လှမ်းမီသလောက်အထိတော့ မတွေ့မိဘူး။ မြန်မာစကားလုံးဝေါဟာရတွေရဲ့ အဓိပ္ပါယ် တွေ၊ ဖြစ်နိုင်ရင် စထွင်ခဲ့တဲ့သူရဲ့နာမည်၊ စာအုပ် အစရှိသဖြင့် ပြုစုနိုင်ရင်တော့ အရမ်းကောင်းမှာပဲ။ မြန်မာစာအဓိက ယူတဲ့သူ တွေ thesis ရေးခဲ့ဘူးမလားတော့မသိဘူး။ အဲလိုလုပ်နိုင်ရင်တော့ အရမ်းကို ရေးလို့ကောင်းမယ့် တန်ဖိုးရှိတဲ့ ကျမ်းတစ်စောင်ဖြစ်လာ မှာပဲ။ ဒါမှမဟုတ်လည်း မြန်မာစာပညာရှင်တွေပူးပေါင်းပြီး ကော်မတီဖွဲ့ပြီးလုပ်နိုင်ရင် မြန်မာစာပေအတွက် အရမ်းအဖိုးတန်မှာပဲ။ ကျွန်မ တော့ ခုထိ ၀ါသနာရှင်အဆင့်ပဲရှိသေးတော့ (ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ဆိုပေမယ့်) ကျွန်မဘ၀အတွက် ချမှတ်ထားတဲ့ mission ထဲမှာ အဲဒီလုပ်ငန်းကိုပါထည့်လိုက်ပြီ။ အဲလိုမျိုးရှိပြီးသားဆိုလည်း လမ်းညွှန်ပေးကြပါဦး။ ဒါမှမဟုတ်လည်း ၀ိုင်းဝန်း ကြိုးစားကြရအောင်လား။

PS (မနေ့က facebook status မှာ အင်္ဂလိပ်ဝေါဟာရကနေ မြန်မာဘာသာပြန်ရတာ ခက်တာကို ညည်းမိလို့ အမတစ်ယောက်ကွန်မက်ဝင်ပေးရာကနေ စိတ်ကူးပေါက်သွားလို့ ဒီပို့စ်ကို ရေးဖြစ်တာ..)

No comments:

Post a Comment