တစ်ခါကဆရာမတစ်ယောက်က
ကျွန်မတို့ကို ဆုံးမဖူးတယ်။ ဆရာမပြောတဲ့ စကားလေးကို ကြိုက် လို့ပါ။ အရမ်းတန်ဖိုးရှိတဲ့စကားလေးမို့
သူငယ်ချင်းတွေကို ပြန်ပြီးဝေမျှချင်တာပါ။
“ကိုယ့်ဘာသာကိုယ်ပြန်ဆန်းစစ်ကြည့်ပါတဲ့.. ကိုယ့်အိမ်မှာကိုယ်ကအိမ်ရှင်ဖြစ်နေပြီလား.. ဧည့်သည်ဖြစ်နေတုန်းပဲလား.. အိမ်မှာ အိမ်ရှင်တစ်ယောက်လို မိသားစုရဲ့
အမှုကိစ္စအရာရာတွေကို တိုင်ပင်ခံရပြီး ကိုယ့်ဆုံးဖြတ်ချက်ကိုပါ အလေးထားခံနေရပြီလား
ဒါမှမဟုတ်.. ဧည့်သည်တစ်ယောက် လိုပဲ
အိမ်မှာနေကြရတုန်းပဲလား”
တဲ့။
ဆရာမက အဲလို မေးတာခံလိုက်ရတဲ့အချိန်မှာ
ကိုယ့်ဘာသာကိုယ်လည်း ပြန်ပြီးသုံးသပ်မိ တယ်။ အိမ်မှာတင်မကဘူး.. ကျောင်းမှာ ..
အလုပ်မှာ ...ကိုယ်ရပ်တည်နေရ တဲ့ နေရာတွေမှာရော.. ကိုယ်က
ဧည့်သည်တစ်ယောက်လိုနေနေရတာလား.. အိမ်ရှင် တစ်ယောက် ဖြစ်နေပြီလားလို့လေ။
ငယ်ငယ်တုန်းကတော့
ကျောင်းသွားပြီး အိမ်ပြန်ရင် စာကျက်လိုက်၊ ကစားလိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့
အိမ်ဆိုတာ မိဘ၊ မောင်နှမတွေနဲ့ တူတူနေရတဲ့ လုံခြုံမှုပေးနိုင်တဲ့ ပျော်စရာကောင်း တဲ့
နေရာဆိုတာကလွဲရင် အခြား အိမ်မှာ ကြုံရတဲ့ အခက်အခဲတွေ၊ လူမှုရေး၊ စီးပွားရေး အစရှိတဲ့
ပြဿနာ တွေကို မသိခဲ့ရဘူး။ ဖေဖေနဲ့မေမေကလည်း ကလေးဖြစ်တဲ့ ကျွန်မတို့တွေ ကို
ပေး မသိခဲ့ဘူးလေ။ အဲဒီတော့ ကိုယ်က အိမ်မှာ ဧည့်သည်အနေနဲ့ပဲ နေခဲ့ရတာပေါ့။ ဒါပေမယ့်
တဖြည်းဖြည်းနဲ့ လူငယ်ဘ၀ရောက်လာတော့ လူကြီးတွေက အိမ်မှာ တချို့ကိစ္စတွေဆိုရင်
ကိုယ့်ကို တိုင်ပင်တာတို့.. ကိုယ့်ဆုံးဖြတ်ချက်တွေကို အလေးထားတာတို့နဲ့ ကြုံလာရတဲ့အခါ
ကိုယ်က အိမ်ရှင် တစ်ယောက် ဖြစ်လာပါလားလို့ စဉ်းစားမိလာတယ်။ ဒါပေမယ့်လည်း တစ်ချို့
ကလေးငယ်တွေမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့အိမ်အတွက် အိမ်ရှင်ဖြစ်လို့
မိသားစုစားဝတ်နေရေးကို ရုန်းကန်နေရတဲ့၊ မိသားစုအတွက် စိုးရိမ်ပူပန်နေရတဲ့
ကလေးငယ်တွေ အတွက် ၀မ်းနည်းမိသလို ဂုဏ်လည်းယူမိတယ်။
ကျောင်းတက်တဲ့အခါမှာလည်း
အိမ်ရှင်ဖြစ်နေတဲ့ ကျောင်းသား/သူတွေတွေ၊ ဧည့်သည် အဖြစ် ကျောင်းတက်နေတဲ့
ကျောင်းသား/သူတွေ တွေ့ရပြန်ရော။ ကျောင်းကိုလာ၊ စာသင်၊ သူငယ်ချင်း တွေနဲ့ စကားပြော၊
အိမ်ပြန် စသည်ဖြင့် ဧည့်သည်အနေနဲ့ပဲ ကျောင်းလာ တက်တဲ့ ကျောင်းသား/သူ တွေရှိသလို
ကျောင်းရဲ့လှုပ်ရှားမှုတွေ၊ ကိုယ့်ကျောင်းတော်ကြီးတိုးတက်ဖို့ သာယာလှပဖို့အရေးမှာ
ဦးဆောင်၊ ပူးပေါင်းပါဝင်တဲ့ အိမ်ရှင်ကျောင်းသား/သူ တွေနဲ့ ကြုံတွေ့ရတယ်။
အဲဒီလိုပဲ
လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာလည်း ကိုယ်လုပ်စရာရှိတာကိုပဲလုပ်တတ်တဲ့၊ အထက်က ညွှန်ကြားတာကိုပဲ
လုပ်တဲ့ ဧည့်သည်ဝန်ထမ်းတွေရှိသလို ကိုယ့်လုပ်နေတဲ့အလုပ်ကို
ကိုယ့်ကိုယ်ပိုင် အလုပ်လို့ သဘောထားပြီး ကိုယ့်အကြံဥာဏ်တွေကိုပါ
အခြားလုပ်ဖော်ကိုင်ဖက်တွေ အလေးထား နားထောင်ရတဲ့ အိမ်ရှင်ဝန်ထမ်းတွေနဲ့
ကြုံဆုံရပြန်တယ်။
ဒီလိုပါပဲ။
နိုင်ငံသားတစ်ယောက်အနေနဲ့ ဆိုရင်လည်း ကိုယ်က ကိုယ့်နိုင်ငံ ဘာပဲဖြစ်နေနေ
ကိုယ်နဲ့မဆိုင်သလို.. ကိုယ့်စားဝတ်နေရေးပြေလည်ရင် တော်ပါပြီဆိုတဲ့ ဧည့်သည်
နိုင်ငံသားတွေနဲ့ ကိုယ့်နိုင်ငံတိုးတက်ဖို့အရေးမှာ ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့
အိမ်ရှင်နိုင်ငံသားတွေ ရှိနေပါလားလို့
သုံးသပ်မိပြန်တယ်။
မိမိတို့ဘယ်နေရာမှာပဲနေနေ၊
ဘယ်နေရာပဲရောက်ရောက် ကိုယ်ကျရာကဏ္ဍတွေမှာ စိတ်ရော ကိုယ်ပါ
ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင်တော့ အိမ်ရှင်ကောင်းတွေဖြစ်လာမှာမလွဲဘူး။ ဒါပေမယ့်
ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားပြီး ကိုယ်နေတဲ့ ၀န်းကျင်က ကိုယ်နဲ့မဆိုင်သလို
ဧည့်သည်လို ပဲ နေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကိုယ်နဲ့မဆိုင်တဲ့
အရာပဲဖြစ်နေမှာပဲ။
ကိုယ့်ရဲ့မိသားစုမှာ၊
ကိုယ်တက်နေတဲ့ကျောင်းမှာ၊ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ၊ ကိုယ်ယုံကြည်
ကိုးကွယ်တဲ့ဘာသာမှာ၊ ကိုယ့်နိုင်ငံမှာ၊ ပြီးတော့ ကိုယ်နေတဲ့ ကမ္ဘာကြီးမှာရော ကိုယ်က
ဘယ်လိုနေနေမှာလဲ။ ဧည့်သည်လိုလား ? အိမ်ရှင်လိုလား? သူငယ်ချင်းတို့.. စဉ်းစားဆင်ခြင်ကြည့်နိုင်
ဖို့ ဝေမျှလိုက်ပါတယ်။