YIE ကျောင်းက အမှတ်တရအဖြစ်အပျက်လေးတွေ ပြန်စဉ်းစားကြည့်တော့ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်ပေမယ့်) နောက်ဆုံးနှစ်က အဖြစ်အပျက်လေးတစ်ခုကို ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။
မှတ်မှတ်ရရပေါ့။။ နောက်ဆုံးနှစ် စာမေးပွဲဖြေခါနီး နောက်ဆုံးနှစ် commerce အထူးပြု ကျောင်းသား/ သူတွေ စုပေါင်းပြီး ဆရာကန်တော့ပွဲလုပ်ကြတယ်။ အဲဒီမှာ ဘုမသိဘာ့မသိနဲ့ ကျွန်မကို အမ တစ်ယောက်နဲ့ တွဲပြီး MC လုပ်ဖို့ တာဝန်ပေးကြတယ်။ ဆရာမတွေနဲ့ သွားတွေ့..အစီအစဉ်ဆွဲနဲ့.. ဆရာကန်တော့ပွဲအခမ်းအနား မလုပ်ခင် နေ့တွေကတည်းက အလုပ်တွေ ရှုပ်တာ ဆိုတာ... အဲဒီနေ့မှာ မြန်မာဆန်ဆန်လေး ၀တ်ရမယ်ဆိုလို့.. မြန်မာဝတ်စုံလေး ပြင်ဆင်ရ.. မေမေ့ဆီက ပ၀ါကို လည်း ငှားထားရသေးတယ်.. ဆံထုံးထုံးရမယ်ဆိုလို့ ကိုယ့်ဘာသာမထုံးတတ်တော့ အလှပြင်ဆိုင်များသွားရရင် ဒုက္ခဆိုပြီး စိတ်ဆင်းရဲ နေတုန်း ကျောင်းနားမှာ အဆောင်နေတဲ့ သူငယ်ချင်းတစ်ယောက်က သူထုံးပေးမယ်ဆိုလို့ အဆင်ပြေသွားတယ်။ (စဉ်းစားကြည့်လေ ကျောင်းသွားဖို့အရေးတောင် မနက်အစောကြီးထပြီး တစ်နာရီလောက် ကားစီးရတာ.. ဆိုင်မှာသာ အလှသွားပြင်ရလို့ကတော့ ညကတည်းက အိပ်ရပါ့မလား)
ဒီလိုနဲ့. .. ဆရာကန်တော့ပွဲလုပ်မယ့် နေ့ကိုရောက်လာပါပြီ။ ခါတိုင်းကျောင်းသွားဖို့ ဖယ်ရီမီအောင် မနား လာရတဲ့သူက ဖယ်ရီဂိတ်ကို အစောကြီးကတည်းကရောက်လို့။ ၀တ်စုံနဲ့ အလှပြင်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကိုလည်း လက်ကဆွဲလို့ပေါ့။ ကျောင်းရောက်တော့လည်း MC တူတူလုပ်မယ့် အမကို ခေါ်ပြီး သူငယ်ချင်းနဲ့ သုံးယောက်သား စီးပွားရေးတက္ကသိုလ်ရဲ့ မိန်းကလေး ဆောင်ကို ချီတက်သွားကြရော။ (ထူးဆန်းတာတစ်ခုက ရန်ကုန်မြို့ထဲကနေ လာရင် ယောက်ျားလေးအဆောင်ကို အရင်ရောက်ပြီး နောက် ၃ မှတ်တိုင်လောက်စီးပြီးမှ ကျောင်းရောက် .. ကျောင်းကနေမှ မြို့ပြင် ဘက်ကို နောက်ထပ် ၂ မှတ်တိုင်လောက် ကားထပ်စီးမှ မိန်းကလေးအဆောင်ကိုရောက်တာပဲ။ ဘာလို့များ မြို့နဲ့နီးတဲ့ဘက်ကို မိန်းကလေးအဆောင် မထားဘဲ ယောက်ျားလေးအဆောင်ထားရလဲ ဆိုတာ အခုထိနားမလည်နိုင်ဘူး) ။
အဲလိုနဲ့ အဆောင်မှာ အလှတွေပြင်ပြီး ကျောင်းကိုပြန်လာပြီးအခမ်းအနားလုပ်မယ့် ခန်းမ ကို သုံးယောက် သား ချီတက်လာတာပေါ့။ ခန်းမထဲကိုရောက်တော့ အခမ်းအနား က ၁၀ နာရီစမှာဆိုတော့ လူတွေ လည်း တော်တော်များများရောက်နေကြပြီ။ အဲဒါနဲ့ မိုက်တွေအသံစမ်း .. အစီအစဉ်စာရွက်တွေ အဆင်သင့်ပြင်ပြီး ကျွန်မက အစီအစဉ်ပထမပိုင်းကို တာဝန်ယူထားတော့ အခမ်းအနား စဖို့ ၁၀ မိနစ်အလိုမှာ -အခမ်းအနားစတင်တော့မှာ ဖြစ်လို့ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ များ နေရာယူပေးကြဖို့ မေတ္တာရပ်ခံပါတယ်.. ဘာညာကြေငြာ၊ နောက် ၁၀နာရီအတိကျတော့ အခမ်းအနားစတင်တာ့မှာ ဖြစ်လို့ ပါမောက္ခချုပ်ကြီးနဲ့တကွ ဆရာဆရာမများ နေရာယူပေး ဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း ကြေငြာပြီးတော့ ဆရာ၊ ဆရာမတွေ စင်ပေါ်တက်လာကြတယ်။ အဲဒါနဲ့ အခမ်းအနားအစီအစဉ်ကို ကြိုတင်ကြေငြာပေးပါ့မယ် ဆိုပြီး အစီအစဉ်တွေဖတ်ပြ..(အဲဒီအထိ အဆင် ကိုချောလို့)..
အားလုံးလည်းပြီးရော.. အစီအစဉ် ၁ အရ ဆရာကန်တော့ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ်ရှင့် လို့လည်း အားရပါးရကြေငြာလိုက်ရော အားလုံးကလည်း လက်ခုပ်တွေ တဖြောင်းဖြာင်းတီးလို့ပေါ့။ အဲဒီတော့မှ စင်ပေါ်က ဆရာမတွေက မျက်စိမျက်နှာ ပျက်ပြီး တိုးတိုးလေးလှမ်းပြောတယ်။ ဟဲ့..ဟဲ့..သမီးရေ.. ပါချုပ်ကြီးစင်ပေါ်မတက်ရသေးဘူး တဲ့.. ကြည့်လိုက်တော့ ကျွန်မ စင်ပေါ်ကြွရောက်ဖို့ဖိတ်ခေါ်တာ ကြေငြာမှာ ကို စောင့်နေတဲ့ ပါချုပ်ကြီးက အခန်းအပြင်မှ ရပ်လို့။ နို့သူများက ပါချုပ်ကြီးကို ဆရာ၊ဆရာမတွေ စင်ပေါ်ရောက်ပြီးမှ ထပ်ခေါ်ရမယ် ဆိုတာ သိမှမသိဘဲ။ ပြီးတော့ ကျောင်းသာ ၃နှစ်လောက်တက်ပြီးသွားတာ ပါချုပ်ကြီးက နာမည်ပဲသိပြီး ဘယ်လိုပုံလည်းဆိုတာ မသိတော့ စင်ပေါ်မှာ ရောက်နေလား မရောက်နေလားလည်း ဘယ်သိပါ့ မလဲနော်.. အဲလို စူးစမ်းလေ့လာမှုအားကောင်းခဲ့တာ...