ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတော့ လန့်မသွားပါနဲ့မိတ်ဆွေ။ ဆေးရုံသွားတက်တာ မဟုတ်ပါဘူး။ သူငယ်ချင်းက သူ့မွေးနေ့အတွက် စိတ်ကျန်းမာရေးဆေးရုံမှာ အလှူလုပ်မယ်ဆိုတာနဲ့ ကျွန်မတို့လည်း အနည်းငယ် ပါဝင်ကူညီပြီး သွားလှူဖြစ်ကြတာပါ။ သွားခဲ့တဲ့ အချိန်က တစ်ရက်တာမှာ 6 နာရီတောင် မ ပြည့်ခဲ့ပေမယ့် ဇာတ်လမ်းအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျိုးတွေကို ကြားရတော့ သတိသံဝေဂရစရာ၊ ၀မ်းနည်းစရာ၊ သနားစရာ၊ ပျော်စရာ၊ ပီတိ အစရှိသဖြင့် အဲဒီအတောအတွင်းမှာ ခံစားရတဲ့ ခံစားချက်တွေ ကတော့ ပြောမကုန် နိုင်အောင်ပါပဲ။ အဲဒါကြောင့် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
ကျွန်မတို့က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ကျောင်းပြီးကြတဲ့သူတွေဆိုတော့ စိတ်ကျန်းမာရေး ဆေးရုံတည်ရှိတဲ့ ရွာသာကြီးကို သွားတဲ့ ခရီးကတော့ ကျွန်မတို့နဲ့ မစိမ်းပါဘူး။ ကျောင်းတက်တုန်းကတော့ ဖယ်ရီနဲ့ မပြန်ဘဲ ဘတ်စ်ကားနဲ့ ပြန်မယ်ဆိုတိုင်း ဆေးရုံရှေ့က 210 ကားဂိတ်မှာသွားပြီး ကားစီးနေကြပဲ လေ။ စီးပွားရေးတက္ကသိုလ်ရှေ့ကနေ ဆေးရုံရှေ့ထိကို 4 မှတ်တိုင်လောက် ကားစီးပြီး ကားဂိတ်အစကနေ အိမ်အထိ တမေ့တမော ခရီးကို ပြန်စီးကြရတာပဲ။ ခုလည်း ဆေးရုံကို သွားလှူကြမယ်ဆိုတော့ ကျောင်း ရှေ့မှာ ကားခဏရပ်ပြီး ဓာတ်ပုံဆင်းရိုက်ဖို့ကိုလည်း အစီအစဉ်ထဲမှာ မပါမဖြစ်ထည့်ဆွဲရတာပေါ့။( ပြီးရင် တော့ facebook တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတာပေါ့လေ.. ဟီဟိ)။ မွေးနေ့ရှင်သူငယ်ချင်းက ကြက်ဆီထမင်းနဲ့ဧည့်ခံပြီး သကာလ ရွာသာကြီးခရီးစဉ်ကို စတင်ခဲ့ကြတာပေါ့ကွယ်။
တောင်မြောက်လမ်းဆုံကို ကျော်လာပြီဆိုကတည်းက ကျွန်မတို့ သူငယ်ချင်းတတွေမှာ အငြိမ် မနေနိုင်ကြတော့ဘူး။ ဟဲ့..ဟိုအရင်က ဒီအဆောက်အဦကြီး ဒီမှာ မရှိဘူးနော်။ ကြည့်ပါဦး ..ဒီနားက တိုးတက်လာလိုက်တာ။ လမ်းကလည်း တော်တော်ကောင်းလာတယ်နော်။ အင်တာနက်ဆိုင်တွေပါ ပေါ်လာတယ်ဟဲ့။ ဒီနားမှာ ဟိုဟာဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း မဟုတ်လား စသဖြင့် ကျောင်းတက် တုန်းကနဲ့ အခု ကွာခြားချက်တွေကို တစ်ယောက်တစ်ပေါက် ပြောလာလိုက်ကြတာ ကျောင်းနားရောက် လေ ပျော်လေပဲ။ ဟုတ်လည်းဟုတ်တယ်.. အရင်က ကျောင်းသွားဖို့အတွက် လယ်ကွင်းပြင်တွေ၊ တဲပုတ် လေးတွေကို အများကြီးဖြတ်ခဲ့ရတာ.. ခုတော့ သပ်သပ်ရပ်ရပ်အိမ်လေးတွေ က ကြိုကြားကြိုကြား ပေါ်လာ ပြီဆိုတော့ လူနေမှုအဆင့်နည်းနည်းမြှင့်တက်လာတယ် ဆိုရမလားပဲ။ ကျောင်းရှေ့ကိုရောက်လာတော့ တစ်ခါမှ မမြင်ဖူးကြတဲ့သူတွေလိုမျိုး ဟိုမှာ ကျောင်းကြီး ကျောင်းကြီးဆိုပြီး ၀ိုင်းအော်ရသေးတယ်။ အပြန်ကျမှပဲ ဓာတ်ပုံအ၀ ရိုက်ပစ်မယ်လို့ ကြိမ်းဝါးပြီး ဆေးရုံကို ခရီးဆက်ခဲ့ကြ တယ်။
ဆေးရုံကို ရောက်လာတော့ အတူ ပါလာတဲ့ သူငယ်ချင်းတချို့က ကျောင်းတက်တုန်းကလည်း သွားလှူဖူးကြပေမယ့် ကျွန်မက ခုမှ ရောက်ဖူးတဲ့သူမို့ အမှန်အတိုင်းပြောရင် နည်းနည်းတော့ ရင်ခုန်မိတယ်။ ကျောင်းတက်တုန်းက ဆေးရုံရှေ့သာ ခဏခဏရောက်တာ အထဲကို မရောက်ဖူးဘူးလေ။ စိတ်ထဲထင်ထားတာက စိတ်ဝေဒနာရှင်တွေကို သပ်သပ်ထားမယ်ထင်ထားတယ်။ တကယ်တမ်းကျတော့ လူနာတွေက ဒီအတိုင်းပဲသွားလာနေတော့ ဘယ်သူက လူနာမှန်း လူနာရှင်မှန်း အလှူရှင်တွေမှန်းမသိလို့ သေချာလိုက်ကြည့်ရတယ်။ ကျွန်မတို့ကို လိုက်ပြပေးတဲ့ အစိမ်းဝတ်စစ်စတာကြီး က ပြောပြတယ်။ လူနာတွေဝိုင်းကူပေးလို့ ဆေးရုံက တော်တော်သန့်ရှင်းတာ နို့မို့ဆိုရင် ရှိတဲ့ဝန်ထမ်းအင်အားနဲ့ပဲဆိုရင် တော့ ဒီလောက်သန့်ရှင်းအောင် လုပ်ဖို့မလွယ်ဘူးတဲ့။ လာတက်တဲ့သူတွေကလည်း စိတ်ကျန်းမာရေး ချို့တဲ့သူတွေမို့ သူတို့ကို စည်းကမ်းတကျ လုပ်ပါလို့ ဘယ်လိုပြောမလဲတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်မတို့ သွားလှူတဲ့ မုန့်ထုပ်တွေကို လာသယ်ပေးတာလည်း လူနာတွေပဲ။ ပြီးတော့ အဆောင်ကို သန့်ရှင်းရေးလုပ်ခိုင်းထားတာ ကျွန်မတို့ အဆောင်ရှေ့ရောက်သည်အထိ တံမြက်စည်းလှည်းလို့ မပြီးသေးဘူး။ ကြမ်းပြင်မှာရေတွေပါ လောင်းချပြီး ဆေးထားလို့ ချော်မလဲအောင် မနည်းသတိထား လျှောက်လိုက်ရတယ်။ သူတို့တွေကို အ၀တ်လျှော်တဲ့အဖွဲ့၊ အဆောင်သန့်ရှင်းရေးအဖွဲ့၊ ပန်းကန်ဆေးတဲ့ အဖွဲ့၊ အ၀တ်လဲပေးတဲ့အဖွဲ့ဆိုပြီး အဖွဲ့တွေခွဲပြီး တာဝန်ချထားပေးတယ်တဲ့။ ကိုယ်ကျရာ တာဝန်တွေမှာ လိုလိုချင်ချင်နဲ့ ၀ိုင်းကူလုပ်ပေးနေတဲ့ မြင်ကွင်းလေးကတော့ ကြည်နူးစရာပါပဲ။
ပထမဆုံး ကျွန်မတို့ မိန်းကလေးဆောင်ကို အရင် သွားကြတယ်။ ကျွန်မတို့လာမယ်ဆိုတာကြို အကြောင်းကြားထားလို့ အဆောင်ပြင်က ကော်ရက်ဒါမှာ လူနာတွေအားလုံး စည်းကမ်းတကျ ငုတ်တုတ် ထိုင်ပြီး တန်းစီစောင့်နေကြတာကို မြင်ရတော့ နည်းနည်းတော့ အံ့သြသွားတယ်။ ပြီးတော့ ကျွန်မတို့ မုန့်တွေမဝေခင်မှာ ကျွန်မတို့နဲ့ မိတ်ဆက်ပေးပြီးတော့ အဖွားတစ်ယောက်က ဦးဆောင်ပြီး ဆုတောင်းပေးတယ်။ သူတိုင်ပေးတာကို ကျန်တဲ့သူတွေအားလုံးလိုက်ဆိုကြတယ်။ ဆုတောင်းပေးပြီးတော့ သီချင်းတစ်ပုဒ်လည်း ဆိုပြတယ်။ တံတားအိုလေးဆိုလား။ ပြီးတော့မှ မုန့်တွေလိုက်ဝေကြရတယ်။ မုန့်ဝေ တော့ ရီစရာ အဖြစ်အပျက်လေးကို ပြောရဦးမယ်။ အန်တီတစ်ယောက်က မုန့်မရသေးဘူးဆိုလို့ ပေးလိုက် တာ။ ဘေးက သူတွေက ၀ိုင်းအော်တယ်။ သူမုန့်ရပြီးပြီတဲ့။ ကျွန်မကြည့်လိုက်တော့ သူ့အကျီ အောက်မှာ မုန့်တစ်ထုပ်ကို ဖွက်ထားလေရဲ့။ ဘေးက လူတွေက ၀ိုင်းအော်လည်း သူကတော့ ခပ်တည်တည်ပဲ။ ထားလိုက်ပါတော့ လို့ ကျန်တဲ့သူတွေကို နှိမ့်သိမ့်ရတယ်။ နောက်တော့ သူငယ်ချင်းတွေ နဲ့ပြန်ပြောဖြစ် တော့ ကျွန်မသူငယ်ချင်းတစ်ယောက် သူဝေတော့လည်းအဲလိုပဲတဲ့။ (ကျန်တဲ့သူတွေက ကျွန်မကို ၀ိုင်းတိုင်ကြပေမယ့် ဒီနေရာမှာတော့ justice ဖြစ်ရမယ်ဆိုပြီး တစ်ယောက်တစ်ထုပ်ပဲ ပြန်ပေးလို့ ဘယ်ပြောကောင်းမလဲနော်။ )
အတူပါလာတဲ့ အဖွဲ့ထဲက ယောက်ျားလေးတစ်ယောက်ကတော့ စိတ်ကူးကောင်းကောင်းနဲ့ cream puff နဲ့ နှုတ်ခမ်းနီတွေပါ လက်ဆောင်ယူလာတယ်။ ပထမတော့ ကျွန်မတို့တွေလည်း ပေးလို့ရလား မရလား မဆုံးဖြတ်တတ်တာနဲ့ ဆရာမတွေကို သူကသွားမေးတော့ ပေးလို့ရတယ်တဲ့။ အသက် ခပ်ငယ်ငယ်လူနာတစ်ယောက်က သူလက်ဆောင်ရထားတဲ့ နှုတ်ခမ်းနီတောင့်ကို ဖွင့်ကြည့်နေတာ တွေ့တဲ့ ကျွန်မသူငယ်ချင်းက လာ ညီမလေး အမ ဆိုးပေးမယ်ဆိုပြီး သွားဆိုးပေးတော့ သူငယ်ချင်းဘေးမှာ အဖွားအရွယ်တွေရော၊ အဒေါ်အရွယ်တွေရော နှုတ်ခမ်းလေးတွေ လာထိုးပေးကြတယ်။ သူတို့လည်း ဆိုးချင်လို့တဲ့။ (မိန်းကလေးဆိုတော့လည်း ဗီဇက ဖျောက်မရဘူးလေ..လှချင်ကြတာကိုး)။ အဲဒီမှာ ဟိုးအနောက်မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက် က ထပြောတယ်.. ကျွန်မရတဲ့အထဲမှာ နှုတ်ခမ်းနီမပါ ဘူးတဲ့။ သူ့ကိုပေးစရာနှုတ်ခမ်းနီလည်းမရှိတော့လို့ သူ့ကို နှိမ့်သိမ့်ရင်း နှုတ်ခမ်းနီပိုင်ရှင်လေးကိုပဲ တူတူဆိုးနော်။ သူ့ကိုပါ ပေးဆိုးနော်ဆိုပြီး သေချာမှာခဲ့ရတယ်။ နောက်ထပ်တစ်ခါသွားရင်တော့ အလှပြင် ပစ္စည်းလေးတွေပါသယ်သွားရမှာပဲ။
စကားပြောရင်းနဲ့မှ သိလိုက်ရတာက ကျွန်မတို့ကို ဆုတောင်းပေးတဲ့ အဖွားက နယ်နယ်ရရ မဟုတ်ဘူးပဲ။ သူ့အမျိုးသားက ဦးကလင်တန်တဲ့။ သူ့မှာ တိုက်တွေရောကားတွေရော အစုံရှိသတဲ့။ ကလေးတွေကလည်း 1သိန်းလောက်တောင်ရှိတယ်တဲ့။ အဲဒါနဲ့ စစ်စတာကြီးက အမ အခု ခေတ်က ကလင်တန်မဟုတ်တော့ဘူးနော်။ အိုဘားမားဖြစ်နေပြီပြောတော့ သူက ကျွန်မတို့ ရပ်ကွက်မှာတော့ ဦးကလင်တန်က အုပ်ချုပ်ရေးမှူးပဲတဲ့။ တိုက်တွေအများကြီးဆိုတော့ တိုက်တစ်လုံးလောက်ပေးမလား မေးတော့ ငှားမယ်ဆိုရင် ရပါတယ်တဲ့။ သူငယ်ချင်းယောကျာ်းလေးတွေက အဖွားသမီးနဲ့ ကျွန်တော်တို့နဲ့ ဆိုရင် သဘောတူလားဆိုတော့ တင်တောင်းမယ်ဆိုရင် ၊ သူ့သမီးကလည်း ကြည်ဖြူရင် သဘောတူပါတယ်တဲ့။ တင်မတောင်းဘဲ ခိုးပြေးရင်တော့ တရားစွဲရပါလိမ့်မယ်တဲ့။ မေးသမျှ မေးခွန်းတွေကို နည်းနည်းမှ မခံဘူး။ ပြန်ပြောတာ။ မေးတဲ့သူတွေကသာ ဘာဆက်မေးရမှန်းမသိတော့အောင် ဖြစ်ရတာ။ တကယ်တော့ အဲဒီအဖွားက 1984 ခုနှစ်ကတည်းက အဲဒီဆေးရုံမှာ ရောက်နေတာ အပျိုကြီးတဲ့။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးဘူးတဲ့။ သူ့အတွေးထဲမှာပဲ သူပျော်မွေ့နေတာ သနားကရုဏာသက်စရာပါပဲ။ နောက်ထပ် အီဂျစ်သမ္မတ ကတော်လည်းရှိ သေးတယ်တဲ့။ အချိန်မရလို့ စကားတော့မပြောဖြစ်ခဲ့ကြဘူး။

နောက်ပြီး အမျိုးသားဆောင်ဖက်ဆီ ဆက်လက်ချီတက်ဖို့အတွက် ဆရာမကြီးဦးဆောင်ရာကို လိုက်ခဲ့ကြပါတော့တယ်။ အမျိုးသားဆောင်ရောက်ရင်ရော ဘယ်လိုတွေကြုံရမလဲဆိုတာ စဉ်းစားရင်းပေါ့။
(ဆက်လက်ဖော်ပြပါမယ်)
(ဆက်လက်ဖော်ပြပါမယ်)
စောင့်နေပါတယ်...
ReplyDeleteမကြာမီလာမည်.. :P
Deleteဟိုက်...မေဇာကဘယ်ဆိုးလို့တုံး ငါတို့အရီးစဉ်ကိုသေချာမှတ်သာပြီးတော့ အားလုံးနဲ့ ထပ်တူခံစားရေးသားထားပါလား....ကျေးဇူးပါကွာ..
ReplyDeleteအမျိုးသမီးနှင့်အမျိုးသား ဘယ်သူတွေကပိုများသလဲလို့ view ခဲ့သေးသလား???????????????????????????????????????
ReplyDeleteနေမလားဟယ်.. view တာပေါ့.. ဒုတိယပိုင်းကျရင် အဲဒီအကြောင်းတွေ လာမယ်လေ.ကွယ်
Delete