ပိုက်ဆံတွေဘယ်ရောက်ကုန်မလဲမသိဘူး….ပိုက်ဆံက ဘယ်လိုကုန်သွားလဲမသိဘူး စသည်ဖြင့် လူတွေပြော ကြ၊ ညည်းညူနေကြခြင်းကို အမြဲကြားရသည်။ မိမိ၏ကိုယ်ပိုင်ငွေကြေးများကို စနစ်တကျစီမံခန့်ခွဲသုံးစွဲနိုင်ပါက ထိုသို့ပြော ရန်မလိုဟုထင်မိပါသည်။ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု (Personal Finance) သည် financial management တွင် လေ့လာ အပ်သောဘာသာရပ်တစ်ခုအနေဖြင့် ပါဝင်နေပါသည်။ ထို့ကြောင့် မိမိ၏ကိုယ်ပိုင်ဝင်ငွေ၊ အသုံးစရိတ်များကိုကောင်းမွန်စွာ၊ စနစ်တကျခွဲဝေသုံးစွဲနိုင်ရန်သည် Personal financial planning process များထဲမှ အချက်တစ်ချို့ကိုကောက်နုတ်ဖော်ပြ လိုက်ပါသည်။
၁။မိမိကိုယ်ကိုမိမိပြန်လည်သုံးသပ်ပါ။
မိမိသည် မိသားစုတွင်အဓိက၀င်ငွေရှာသူဟုတ်မဟုတ်။ မိမိတစ်လတာအသုံးစရိတ်များကိုသုံးစွဲရာတွင် အစားအသောက်မှာ လား၊ အ၀တ်အစားမှာလား၊ အခြားမှာလားစသည်ဖြင့် မည်သည့်အရာများကိုဦးစားပေးပြီးသုံးမိနေသလဲ။ မိမိတွင် တစ်လစာ ၀င်ငွေမည်မျှရှိသည်၊ မိမိ၏၀င်ငွေရလမ်းများမှာမည်သည်ကဖြစ်သည် (ဥပမာ-လစာ၊မုန့်ဖိုး) စသည်တို့ကို ပြန်လည် သုံးသပ်ပါ။ ထိုအခါမိမိတစ်လတာရသောဝင်ငွေနှင့် မိမိပြန်လည်သုံးစွဲမှုသည် ညီညွတ်မှုရှိရဲ့လား။ မည်သည့်အရာများကို မလိုအပ်ပဲသုံးမိနေသလဲဆိုတာကိုချင့်ချိန်နိုင်မည်ဖြစ်သည်။ ထို့နောက်နောက်လများတွင် မိမိ(သို့)မိသားစု၏၀င်ငွေနှင့် အသုံးစရိတ်များကိုခန့်မှန်းပါ။ ထပ်မံကုန်ကျလာနိုင်သည့် အရာများကို ဥပမာ- မိမိထပ်မံတက်ရောက်လိုသည့် သင်တန်း စရိတ်များ…အိမ်ထောင်ရှင်ဖြစ်ပါက မိမိ၏သားသမီးများပညာရေးအတွက်အသုံးစရိတ်များ--စသည်ဖြင့်ထည့်သွင်းစဉ်းစားပါ။
၂။Financial Goal နှင့် Financial Plan ချမှတ်ပါ။
အနာဂတ်အတွက် ကုန်ကျနိုင်မည့်စရိတ်များကိုစဉ်းစားပြီး မည်သည့်အတွက်သုံးစွဲမည်ကို ပန်းတိုင်ထားခြင်းသည် Financial Goal ချမှတ်ထားခြင်းဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးထားရှိသော ပန်းတိုင်မှာမတူညီနိုင်ပါ။ ဥပမာ-ပညာရေးကို တန်ဖိုးထားသောသူ၏ပန်းတိုင်မှာ သင်တန်း(သို့)ကျောင်းဆက်တက်ရန်ပိုက်ဆံစုခြင်းဖြစ်မည်။ ထိုသို့ Goal ချမှတ်ပြီးနောက် မည်သို့သုံးစွဲမည်ကိုစဉ်းစားထားခြင်းသည် Plan ချမှတ်ထားခြင်းဖြစ်သည်။ Plan ချမှတ်ရာတွင် မိမိ၏အနာဂတ်ဝင်ငွေမှာ မိမိကုန်ကျမည့် အသုံးစရိတ်ထက်နည်းပါက ပိုက်ဆံစုခြင်း(သို့) ငွေရင်းနှိးမြုတ်နှံခြင်း စသည်ဖြင့်ကုန်ကျစရိတ် ကာမိ ရန်ကြိုတင်ပြင်ဆင်ထားရမည်။ မိမိပိုက်ဆံကို ရင်းနှီးမြုတ်နှံရာတွင်လည်း နည်းလမ်းအမျိုးမျိုးကိုအသုံးပြုနိုင်သည်။ ဘဏ်တွင်အတိုးရရန်ပိုက်ဆံစုခြင်းမှ ရွှေဝယ်စုထားခြင်း၊ အိမ်၊မြေ၀ယ်ထားခြင်းစသည်ဖြင့် နည်းလမ်းများကို မြန်မာနိုင်ငံတွင် အများဆုံးအသုံးပြုကြသည်။ မိမိစုရမည့်ငွေပမာဏပေါ်မူတည်ပြီး ငွေကြေးဖေါင်းပွမှုကြောင့်ဖြစ်ပေါ်မည့် ငွေကြေးတန်ဖိုး တို့ကိုပါ ထည့်သွင်းစဉ်းစာ၊ငွေရင်းနှီးမြုတ်နှံခြင်း၊ငွေစုခြင်းနည်းလမ်းများကို ရွေးခြယ်သင်သည်။ ထို့အပြင် အကြံပြုလိုသည်မှာ မိမိပုံမှန်ဝင်ငွေမှ အသုံးစရိတ်များကိုပြန်လည်သုံးစွဲရာတွင် စနစ်တကျသုံးစွဲတတ်ရန်အရေးကြီးပါသည်။ ဥပမာ-တစ်လစာဝင် ငွေသည် ကျပ်(၁၅၀၀၀၀)၀င်ငွေရှိပါက တစ်နေ့ကိုကျပ် (၅၀၀၀)ထက် ပိုမသုံးစွဲခြင်း စသည်ဖြင့် သတ်မှတ်ထားနိုင်ပါက အကောင်းဆုံးဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ခရစ်ယာန်များဖြစ်နေသောကြောင့် မိမိဝင်ငွေမှာ ဘုရားသခင်၏သာသနာ့လုပ်ငန်းအတွက် ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးလှူရန်ကိုတော့ဖြင့်မမေ့သင်ပါ။
လူငယ်တစ်ဦးစီတိုင်းသည် မိမိကိုယ်တိုင်ဖြစ်စေ ၊မိသားစုအတွက်ဖြစ်စေ၊ အသင်းတော်အတွက်ဖြစ်စေ ဘဏ္ဍာစိုးကောင်း များဖြစ်စေရန် ဆန္ဓပြုလျက်တင်ပြအပ်ပါသည်။
No comments:
Post a Comment