သူဒီခြံလေးကို ပြောင်းလာသည်မှာ မကြာသေး။ အလုပ်ကနေ ပင်စင်ယူပြီး တကိုယ်တည်း အေးအေးဆေးဆေးနေချင်တဲ့ သူ့အတွက် ဒီခြံလေးနဲ့ အိမ်လေးက နှစ်သက်စရာပင်။ ပိုက်ဆံအတွက်လည်းပူစရာမလို။ အရင်နေခဲ့တဲ့မြို့ထဲမှ အိမ်ကို ရောင်းပြီး မိတ်ဆွေတယောက်၏ လုပ်ငန်းထဲမှာ ရှယ်ယာဝင်ထားနိုင်သည့်အပြင် ဘဏ်တွင်စုထားသည့် ပိုက်ဆံတော်တော်များများ ကျန်နေသေးသည်။ အဲဒီတော့ စာဖတ်လိုက်၊ ခြံထဲတွင် အပင်လေးများ စိုက်လိုက်နှင့် ဘ၀က အေးချမ်းလွန်းသည်။ သို့ရာတွင် သူ့စိတ်ထဲမှာ မကျေနပ်တာ တစ်ခုရှိသည်။ ဒီခြံကို ၀ယ်မည်ဟု လာကြည့်စဉ်က တွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်သည်။ နဂို ခြံပိုင်ရှင်များသည် ခြံကို ငွေကြေးအခက်အခဲလည်း မရှိပါဘဲနှင့် အမြန် ရောင်းချင်နေကြခြင်းဖြစ်သည်။ ခေါ်ဈေးထက် သူက ဈေးဆစ်တော့ အလွယ်တကူ ပင် လျှော့ပေးပြီး ရောင်းခဲ့ကြသည်။ သူတို့စိတ်ထဲတွင် ဒီခြံလေးကို နှမြောပုံမရ၊ လက်က လွတ်သွား၍ စိတ်ချမ်းသာသွားသည့်ပုံ ကို မြင်တွေ့ခဲ့ရသည်။ ပြီးတော့ ပြောသွား သေးသည်။ ဒီခြံမှာနေရင်တော့ ဘုရားတရားလုပ်ဖြစ်မှာ အသေအချာဟု။ ပြီးတော့ သူဒီခြံထဲကို ပြောင်းလာ ပြန်တော့လည်း ခြံနားနီးချင်းတွေက ညဘက်ကောင်းကောင်းအိပ်ပျော်ရဲ့လား၊ အေးအေးဆေးဆေး ပဲလားဟု သွေးတိုးစမ်းပြီး မေးကြသည်။ သေချာပြီ၊ ဒီခြံလေးမှာ တစ်ခုခုရှိရမည်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို မေးကြည့်လျှင်ရနိုင်သည်။ ထိုသူသည် ရပ်ကွက်မှ သိတင်းတော်တော်များများ ကို သိရှိနေသူဖြစ်သည်။ ပထမဆုံး ဆိုင်ပိုင်ရှင်နှင့် ရင်းနှီးအောင်လုပ်ရသည်။ ရင်းနှီးသွားမှ ခြံကလေးနဲ့ နဂို အိမ်ရှင်အကြောင်းကို စုံစမ်းရသည်။ ပထမတော့ ဆိုင်ပိုင်ရှင်က သူ့ကို အားနာသလိုလို နဲ့ မပြောချင်သည့် ပုံစံပြသေးသည်။ သူက အားနာစရာမလိုကြောင်းပြောပြီး ခြံနှင့်ပတ်သတ်၍ တစ်ခုခုရှိမည်ဟု သူ့အထင်ကို ပြောပြလိုက်မှ အဖြစ်အပျက်အလုံးစုံကို ဖွင့်ပြောတော့သည်။
ထိုခြံကလေး သည် သစ်ပင်ပန်းမာန်များနှင့် ဝေဆာသော ခြံကလေးဖြစ်ကြောင်း၊ ခြံရှင်သည်လည်း အပင်စိုက်ဝါသနာပါ၍ သူ့ခြံထဲတွင် သစ်ပင်များကို စုံအောင်စိုက်ပျိုးထားကြောင်း၊ အထူးသဖြင့် ခြံထောင့်တွင်ရှိခဲ့သော ပိတောက်ပင်မှာ သင်္ကြန်အချိန်တိုင်း ပိတောက်ပန်းများဝေေ၀ဆာဆာပွင့်သဖြင့် ရပ်ကွက်ထဲရှိလုံမပျိုကလေးများ၏ အသည်းစွဲဖြစ်ကြောင်း၊ သို့ရာတွင် နောက်ပိုင်းနှစ်များ၌ ပိတောက်ပင်မှာ မပွင့်တော့သဖြင့် ခြံရှင်သည် ပိတောက်ပင်ကို ခုတ်လှဲကာ ထိုနေရာတွင် ငါးကန်လေးကို တူးထားခဲ့ကြောင်း၊ ထိုအချိန်မှ စ၍ တန်ခူးလရောက်တိုင်း ငါးကန်လေး၏ ဘေးတွင် ၀တ်စုံအ၀ါနှင့် မိန်းကလေးတစ်ယောက်ကို အမြဲရောက်လာကြောင်း၊ ညဘက်တွင်မှ တွေ့ရလေ့ရှိပြီး တညလုံး ထိုမိန်းကလေး၏ ငိုသံကြားရကြောင်း၊ ထိုအချိန်မှ စ၍ တန်ခူးလရောက်တိုင်း ညဘက်ဆိုလျှင် ထိုခြံနားသို့ မည်သူမျှ ကပ်လေ့မရှိကြောင်း စသဖြင့် ပြောပြတော့သည်။ ကြားခါစက သူသည် ကြောက်စိတ် အနည်းငယ်တော့ပေါ်မိသည်။ သို့ရာတွင် သိချင်စိတ်က ကြောက်စိတ်ကို အနိုင်ယူသွားတော့ တန်ခူးလကို သာ အမြန်ရောက်ချင်မိတော့သည်။
သူမျှော်လင့်နေသော တန်ခူးလကို ရောက်ခဲ့ပါပြီ။ ညဘက်ရောက်တိုင်း ရေကန်ကိုမြင်ရသည့် ပြတင်းပေါက်ကို ဖွင့်ကာ အ၀ါရောင်မိန်းကလေးကို မျှော်မိသည်။ သူမျှော်နေတာကို သိလို့ထင်၊ အ၀ါရောင်လေးက ပေါ်မလာသေးပေ။ တစ်ညတော့ သူလည်း မစောင့်တော့ဘဲ အိပ်ပျော်သွားတော့သည်။ ထိုညမှပင် မိန်းကလေးတစ်ယောက်၏ ရှိုက်ငိုသံကြောင့် သူ နိုးလာသည်။ သို့ရာတွင် အိပ်မက်လား တကယ်လား မရေရာ။ နောက်တော့မှ အ၀ါရောင်မိန်းကလေးကို သတိရသွားသည်။ အိပ်ယာမှ ထကာ ရေကန်ဘက်ဆီသို့ ပြတင်းပေါက်ကို အနည်းငယ်ဟပြီး ကြည့်လိုက်သည်။ လရောင်အောက်တွင် အမှန်တကယ်ပင် မိန်းကလေးတစ်ယောက် ထိုင်ငိုနေသည်။ သူသည်ကြည့်ရင်းကြည့်ရင်းနှင့် ထိုမိန်းကလေးဆီသို့ မသိမသာ ချဉ်းကပ်သွားမိသည်။
ဒီမှာ မိန်းကလေး ဟု သူညင်သာစွာခေါ်တော့ ငိုနေတဲ့မျက်ဝန်းများဖြင့် လှည့်ကြည့်သည်။ လှလိုက်တဲ့မိန်းကလေး... ဟု သူအံ့သြရသည်။ မျက်ရည်များစိုစွတ်နေတဲ့မျက်ဝန်းတစ်စုံရဲ့အလှကြောင့် သူ ကြောက်စိတ်များအစား သနားကြင်နာစိတ်များသာ စိုးမိုးနေမိတော့သည်။ မင်း..ဘာကြောင့် ၀မ်းပန်းတနဲ ငိုနေရတာလဲ မိန်းကလေးရယ်.. မင်းကို ဘယ်သူက များ ငိုစေရတာလဲ.. ဟု သူညင်သာစွာ မေးတော့ မိန်းကလေးက ပိုတိုးလို့ ငိုလေသည်။ ပြီးတော့ တစ်ခွန်းတည်းဖြေသည်။ လူတွေ တဲ့။ သူပိုလို့အံ့သြရသည်။ ဖြစ်နိုင်ရင် မင်းရဲ့ အဖြစ်အပျက်ကို ပြောပြပါလား။ ငါအတတ်နိုင်ဆုံးကူညီပါ့မယ် မိန်းကလေးရယ် ဟု သူက ဆိုတော့ အ၀ါရောင်ဝမ်းဆက်ဝတ်ဆင်ထားသည့် မိန်းကလေးက သူ့ဇာတ်လမ်းကို ပြန်ပြောင်းပြောပြတော့သည်။
“ ကျွန်မကို ခုလို ကြင်ကြင်နာနာနဲ့ နှိမ့်သိမ့်ပြီး စကားပြောပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်.. ဦးရယ်။ တကယ်တော့ ကျွန်မက ဦးတို့လိုမျိုး လူသားမဟုတ်ပါဘူး။ တစ်နှစ်မှာ တစ်ခါ ပွင့်တယ်လို့ တင်စားကြတဲ့ ပိတောက်ပါရှင်။ ကျွန်မဟာ တန်ခူးလရာသီတိုင်း သင်္ကြန်မိုးရွာပြီဆိုရင်ဖြင့် ဝေေ၀ဆာဆာ ပွင့်လန်းမြဲဖြစ်ပါတယ်။ တကယ်တော့ ပန်းပိတောက်ဆိုတာ ကျွန်မရဲ့ အချစ်တွေပါ။ ပိတောက်ပွင့်တွေဟာ မိုးနတ်သားက ကျွန်မဆီရောက်လာတိုင်း သူ့ကို ကြိုဆိုတဲ့ ကျွန်မရဲ့ လက်ဆောင်ပါ။ သင်္ကြန်မိုးရွာပြီဆိုတိုင်း ကျွန်မက ရွှင်ရွှင်လန်းလန်းနဲ့ ပိတောက်ပွင့်တွေ လက်ဆောင်ပေးတော့ ဦးတို့ လူတွေက ၀မ်းသာအားရ ခူးဆွတ်ကြတယ်။ ကျွန်မကို ဂုဏ်ပြုတဲ့ ကဗျာတွေစပ်ကြ၊ တစ်နှစ်မှာ တစ်ခါပွင့်တဲ့ သစ္စာရှင်ပိတောက်ရယ်လို့တင်စားကြနဲ့ ကျွန်မရဲ့ ရွှေရောင်နေ့တွေပေါ့ရှင်။ ဒါပေမယ့် လည်း ကျွန်မရဲ့ ရွှေရောင်နေ့ရက်တွေဟာ ကြာရှည်မခံဘူးလို့ပြောရမှာပဲ။ ကျွန်မချစ်သူ သင်္ကြန်မိုးဟာဖြင့် ရွာချိန်တန်ပေမယ့်လည်း မရွာခဲ့ဘူးလေ။ ကျွန်မတို့လိုပိတောက်ဟာ မိုးရေကို ထိတွေ့မှ ပိတောက်ပန်းတွေပွင့်ပေးနိုင်တာလေ။ ရွာချိန်တန်ပေမယ့် မရွာတဲ့ပိတောက်ကြောင့် ပန်းပိတောက်တွေ မပွင့်ခဲ့ရပေမယ့် ရင်ထဲမှာတော့ ပိတောက်ပန်းပွင့်တွေ လက်ဆောင်ပေးချင်တဲ့ စေတနာဟာ အပြည့်ပါ။ ဒါပေမယ့်လည်း ဦးရယ်၊ သင်္ကြန်အချိန်အခါ ကျော်လွန်ပြီးကာမှ ရွာတဲ့မိုးကြောင့် ပွင့်ပေးခဲ့တဲ့ ကျွန်မတို့ ရဲ့ အမျိုး ပိတောက်က ဘာဖြစ်သွားလဲသိလား။ သစ္စာမဲ့သူကြီးအဖြစ် ကျော်ကြားသွားတယ်လေ။ လူတွေက သူတို့ သစ္စာမရှိတာကို ပိတောက်ပန်းတောင် သစ္စာမရှိတော့ဘူးဆိုပြီး ပန်းပိတောက်ကို ဆွဲပြီး ဥပမာ ပြုတော့တာပဲ။ တစ်သက်လုံးကျွန်မတို့ ထိန်းသိမ်းခဲ့တဲ့ သစ္စာတွေ၊ ကျွန်မတို့ရဲ့ စေတနာတွေဟာ အချိန်အခါ မှားပြီးတုံ့ပြန်မိတော့ မြောင်းထဲရောက်သွားတော့တာပဲ။ အချိန်အခါမဟုတ် ပွင့်တဲ့ပိတောက်ကိုပဲ သစ္စာမရှိဘူး ကဲ့ရဲ့နေမှာလား။ ရွာချိန်တန်ပေမယ့် မရွာတတ်တဲ့ သင်္ကြန်မိုးကိုတော့ ဘယ်သူမှ အပြစ်မဆိုကြလေဘူး။ ကျွန်မကတော့ ကျွန်မချစ်တဲ့သူ သင်္ကြန်မိုးများ ဘယ်တော့ ရွာဖြန်းမလဲ လို့ ပဲ စောင့်စားနေတာပေါ့။ အဲဒီမှာ နောက်ထပ် ပြဿနာတစ်ခု ပေါ်လာတော့တာပဲ။ မိုးမရွာတာ သုံးနှစ်လောက်ရှိလာတော့ ခြံရှင်က ဘာပြောတယ်မှတ်လဲ။ ဒီနှစ်မှ ပန်းပိတောက်မပွင့်ရင် ကျွန်မကို ခုတ်လှဲလိုက်တော့မယ်တယ်တဲ့။ ပန်းမပွင့်နိုင်တဲ့ ပိတောက်ပင်ကို ထားမယ့်အစား ဒီနေရာမှ ရေကန်လေးတူးတာမှ ပိုပြီး အကျိုးရှိမတဲ့လေ။ ကျွန်မလေ ၀မ်းနည်းလွန်းလို့ ချစ်သူ မိုးကို သာ ပိုမျှော်မိတယ်။ ကျွန်မဘ၀အတွက် သူပဲ ကယ်နိုင်မှာလေ။ ဒါပေမယ့်လည်း မျှော်လင့်တိုင်းဖြစ်မလာခဲ့တာ သဘာဝပဲထင်တယ်။ သင်္ကြန်ချိန်ခါ ရောက်လာပေမယ့် ချစ်သူမိုးက ကြွဆင်းမလာခဲ့ဘူးဆိုပါတော့။ ကျွန်မလေ ခြံရှင် က ဘယ်အချိန်များ ကျွန်မရဲ့ အသက်ကို နှုတ်ယူမလဲဆိုတာ ကြောက်ကြောက်လန့်လန့်နဲ့ ပဲ စောင့်နေခဲ့ရတယ်။ ဒါပေမယ့် အခွင့်အရေးတစ်ခုက ကျွန်မအတွက် ရောက်လာခဲ့တယ်လေ။ မုန်တိုင်းပေါ့။ ပင်လယ်ထဲမှာ မုန်တိုင်းထန်တော့ ကျွန်မတို့ဆီမှာလည်း မိုးတွေအုံ့နေခဲ့တယ်။ အဲဒီမှာ ခြံရှင်မိန်းမက ခြံရှင်ကို ပြောနေတယ်။ ပိတောက်ပင်ကို ခုတ်ပစ်ရမှာ နှမြောစရာပဲ။ ခုလည်း မိုးတွေအုံ့နေတော့ ညဘက် မိုးရွာလောက်တယ်။ တကယ်လို့ မိုးရွာလို့များ ပိတောက်ပွင့်ခဲ့ရင် မခုတ်လှဲပါနဲ့ရှင်တဲ့လေ။ သူပြောတဲ့အတိုင်း ညဘက်ရောက်တော့ မိုးတွေရွာလာခဲ့တယ်လေ။ ကျွန်မလေ မိုးရေထဲမှာ တစ်ညလုံးစဉ်းစားတယ်။ ကျွန်မရင်ထဲက ပိတောက်ပန်းတွေကို ပွင့်လန်းလိုက်ရမလားလို့။ ပိတောက်ပန်းတွေပွင့်ပေးခဲ့ရင် ကျွန်မ ကို မခုတ်လှဲတော့ဘူးတဲ့။ အို .. ပိတောက်ဆိုတာ သစ္စာရှင် ပဲမလား၊ ပိတောက်တွေတောင် သစ္စာမရှိဘူးလို့ ထပ်အပြောခံရဦးမှာလား။ ကျွန်မလေ.. တစ်ညလုံး ဆောက်တည်ရာမရပါပဲ။ မိုးလင်းတော့ ကျွန်မ ဆုံးဖြတ်ချက်သေချာ ချလိုက်တယ်။ ကျွန်မ ဟာ အမြဲတမ်း လူတွေ စံပြုတဲ့ သစ္စာ ရှင် ပိတောက်ပဲ ဖြစ်ရမယ်လို့လေ။ ကျွန်မရဲ့ ဆုံး ဖြတ်ချက် မမှားပါဘူးနော်။ ဒါပေမယ့် ဒီအချိန်ခါ ရောက်တိုင်း ကျွန်မ စိတ်က မိုးကိုပဲ မျှော်လင့်မိနေတော့တာပါပဲ.. ဦးရယ်။ ”
မိန်းကလေးက သူ့ဇာတ်လမ်းကို ရှည်လျားစွာ ပြောပြသွားသည်။ သူသည် ဇာတ်လမ်းဆုံးသည်အထိ မလှုပ်ရှားမိ၊ မိန်းကလေးကို မှင်သက်စွာဖြင့်ကြည့်နေမိသည်။ ဘာဖြစ်လို့များ ကိုယ့်အသက်ကို အသေခံပြီး လူတွေကဲ့ရဲ့တာကို နားထောင်ခဲ့တာလဲ မိန်းကလေးရယ်။ တကယ်ဆိုရင် သင်္ကြန်မိုးမရွာတာလည်း လူတွေကြောင့်ပဲမလား။ လူတွေရဲ့ စည်းကမ်းမရှိမှုတွေကြောင့် ရာသီဥတုတွေပြောင်းလဲလာတာမှာ မိန်းကလေးက ဓားစာခံ ဖြစ်ရလေ သလားကွယ်။ မိန်းကလေးရဲ့ စိတ်အစွဲကြောင့် အ၀ါရောင် မိန်းကလေးအဖြစ် ရေကန်နားမှာ တန်ခူးလတိုင်း လာငိုနေရတဲ့ ပိတောက်လေးကို သူကယ်တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မိန်းကလေး ဘာမှ စိတ်မပူနဲ့ မနက်ဖြန် ည မိန်းကလေးနဲ့ ဒီမှာ ပြန်ဆုံကြမယ် ဆိုပြီး သူချိန်းဆိုလိုက်တယ်။
နောက် ညမှာ သူတို့ ချိန်းဆိုထားတဲ့အချိန်ရောက်လာတော့ သူ နေ့လည်ကတည်းက ပြင်ဆင်ခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ထုတ်ယူပြီး မိန်းကလေးဆီကို သူသွားတယ်။ သူ့လက်ထဲက လက်ဆောင်ကို မြင်တဲ့အခါ မိန်းကလေးရဲ့ အငိုမျက်လုံးတွေ ချက်ချင်းတိတ်သွားတယ်။ သူ့လက်ထဲက လက်ဆောင်ကတော့ ပိတောက်ပင်ပေါက်လေးပါ။ အဲဒီပိတောက်ပင်လေးကို ခြံဝန်းထောင့်မှာ သူစိုက်ရင်း မိန်းကလေး က တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။
စိတ်ချပါ မိန်းကလေး .. နောက်တစ်ခါ မင်း မငိုကြွေးစေရတော့ပါဘူး။ မင်းရဲ့အချစ်တွေကို ပန်းပိတောက်တွေအဖြစ် တစ်ဖန် ပေးလှည့်ပါဦး။ တကယ်ဆို မိန်းကလေးက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ အသစ်တဖန် ရှင်သန်လာတာပဲမဟုတ်လား။
.jpg)
အော်...ဒီလိုလား....good good good....god bless you....keep it up fri....thank u....sein
ReplyDelete