Blog လေးရေ..
မင်္ဂလာပါ။ ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင်
ကျွန်မရဲ့ blog လေး တစ်နှစ်ပြည့်ခဲ့ပြီနော်။ တွေးကြည့်လိုက်တော့ တစ်နှစ် ဆိုတဲ့အချိန်က
ခဏလေးပဲ။ အခုတလော အလုပ်တွေများနေတာနဲ့ blog လေးကို သေချာဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါပေမယ့်
တစ်နှစ်ပြည့်တဲ့နေ့မှာ blog လေးအတွက် စာတစ်စောင်တော့ ရေးဖြစ်အောင် ရေးမယ် ဆိုပြီး ဆုံးဖြတ်ထားခဲ့တာ
တကယ်တမ်း ဘာရေးရမလဲစဉ်းစားကြည့်တော့ စိတ်ကူးလို့ကို မရပြန်ဘူး။
ဒီတော့ blog လေးကို စပြီး အကောင်အထည်ဖော် ဖွင့်ဖြစ်ခဲ့တဲ့ အကြောင်းကိုပဲ အမှတ်တရ ပြောပြရရင်
ကောင်းမယ်လို့ တွေးမိတာပဲ။ နားထောင်မယ် .. ဟုတ်။
ဘယ်ကစပြောပြရမလဲဆိုရင် ငယ်ငယ်ကတည်းက စာဖတ်ရတာကို
အရမ်းခုံမင်ခဲ့ တဲ့အကြောင်းက စရမှာပဲထင်တယ်။ ဘယ်အချိန်မှာ ဘယ်သူမေးမေး၊ ၀ါသနာ ဆိုရင်
စာဖတ်ခြင်းလို့ပဲ ဖြေခဲ့မိတာ ငယ်ငယ်ကတည်းကဆိုပါတော့။ ဖေဖေကစပြီး တစ်မိသားစု လုံး စာဖတ်ဝါသနာပါသူတွေမို့
အိမ်မှာ အများဆုံးက စာအုပ်တွေလို့တောင် ပြောလို့ရ တယ်။ စာမတတ်ခင် ကလေးလေးအရွယ်ကတည်းက
မေမေ့ရဲ့ အိပ်ယာဝင် ပုံပြင်တွေနဲ့ ကြီးပြင်းလာသူဆိုတော့ စာနည်းနည်းဖတ်တတ်စပြုတဲ့ အရွယ်ရောက်တော့
ရွှေသွေးတွေ၊ ပုံပြင်စာအုပ်တွေ၊ ကာတွန်းတွေ၊ မင်္ဂလာမောင်မယ် စာစောင်တွေကို ခုံခုံမင်မင်ဖတ်တတ်
ခဲ့တာ မဆန်းဘူးထင်တယ်။ အဲဒီကနေတဆင့် ဆရာဖေမြင့်တို့လို သုတစာပေတွေ၊ ဆရာမမစန္ဒာတို့၊
ဆရာမဂျာနယ်ကျော်မမလေးတို့၊ ဆရာဆင်ဖြူကျွန်းအောင်သိန်း တို့ရဲ့ဝတ္ထုတွေ၊ ဆရာရွှေဥဒေါင်းဘာသာပြန်တဲ့
ရှားလော့ဟုမ်းဝတ္ထုတွေဆိုတာ ကျွန်မရဲ့အသည်းစွဲတွေပေါ့။ ပထမဆုံးစဖတ်ဖူးတဲ့ ၀တ္ထုစာအုပ်က
မေမေ လက်ဆောင်ဝယ်ပေးတဲ့ ဆရာဆင်ဖြူကျွန်းအောင်သိန်းရဲ့ ကိုဆေးရိုးပေါ့။ ဆယ်တန်း ဖြေနေတုန်း
ဖေဖေ စာအုပ်တွေရှင်းနေတဲ့နေရာဆီမှာ မယောင်မလည်သွား လုပ်ရာက ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့
လေရူးသုန်သုန်ဝတ္ထု နှစ်အုပ်တွဲစာအုပ်ကို တွေ့တော့ ဖတ်ချင်လွန်းလို့ စာမေးပွဲကို မြန်မြန်ပြီးပါစေ
ဆုတောင်းရင်း စာမေးပွဲပြီးတာနဲ့ သူငယ်ချင်းတွေ လျှောက်လည်တာတောင် မလိုက်နိုင်ဘဲ အိမ်အမြန်ပြန်ပြီး
အဲဒီဝတ္ထုကို ကြိုးစားပမ်းစား ဖတ်တာ စာအုပ်ကအထူကြီးနှစ်အုပ် ဆိုတော့ နေ့ရောညပါ နှစ်ရက်လောက်
ဖတ်ယူရတာ ပြန်တွေးလိုက်တိုင်းအမှတ်တရပဲ။ အဲဒီကမှ ဆရာမောင်မိုးသူတို့၊ ဆရာထင်လင်း တို့ရဲ့
ဘာသာပြန်စာပေတွေကို ကြိုက်နှစ်သက်မိပြန်ရော။ ဆရာမကြည်အေးရဲ့ ၀တ္ထုတွေကို ဖတ်ပြီး သူ့အရေးအသားစွဲလမ်းလွန်းတာနဲ့
ဒီဝတ္ထုကောင်းလွန်းလို့ ဖတ်ကြည့်ပါဆိုပြီး သူငယ်ချင်းတစ်ယောက်ကို ပေးဖတ်လိုက်တာ ဘာတွေရေးထားမှန်း
မသိဘူး ပြောလို့ သူ့ကို တစ်ပတ်လောက် စကားမပြောဘဲ နေခဲ့ဘူးတယ်။ အဲဒီလို စာတွေဖတ်ရာက
စာရေးချင်တဲ့ စိတ်ပေါက်လာတာ ၀တ္ထုရေးမယ်ကြံတော့ ဘယ်ကစရေးရမှန်းမသိ၊ ကဗျာစပ်ဖို့ကြိုးစားလည်း
မစပ်တတ်နဲ့ နောက်ဆုံးအကြံရပြီး Sir Arthur Conan Doyle ရဲ့ မူရင်းဝတ္ထု မှာ ဆရာရွှေဥဒေါင်းဘာသာပြန်ထားတာ
မဖတ်ဘူးသေးတဲ့ ၀တ္ထုကို ဘာသာပြန်မဟဲ့လို့ စိတ်ကူးပြီး ဘာသာပြန်ကြည့်ပါတယ်။ အင်္ဂလိပ်လိုဖတ်ရင်လည်း
နားလည်ပါလျှက် မြန်မာလို ပြန်ရေးတော့ အဆင်မပြေ၊ မြန်မာလို အဆင်ပြေအောင် ရေးတော့ မူရင်းဝတ္ထုရဲ့
အာဘော်လွဲနဲ့ ဘာသာပြန်ကြည့်ရင်း ပြန်ကြည့်ရင်းနဲ့ ဘာသာပြန်စာပေရေးတဲ့ ဆရာတွေကို ပိုပိုပြီးလေးစားလာမိတော့တာပဲ။
အဲဒီလို ကြိုးစားပမ်းစား ဘာသာပြန်ကြည့်နေတုန်း တက္ကသိုလ်စတက်ဖို့ ခေါ်စာ ရောက်လာတာနဲ့
ကျွန်မရဲ့ ဘာသာပြန်မှုကြီး တစ်စခန်းရပ်သွားလေရဲ့။ နောက်တော့ churchက ထုတ်တဲ့ လူငယ်စာစောင်မှာ
ပုံပြင်လေးတွေ ၀င်ရေးဖြစ်တယ်။ စာလေးတွေ ၀င်ရေးဖြစ်တယ်။ အဲဒါက လွဲရင် စာရေးတဲ့အလုပ်ကို
ဆက်မလုပ်ဖြစ်ဘူးဆိုပါတော့။
အင်တာနက်ကို စသုံးဖြစ်တော့လည်း Blog ဆိုတာကို
သိတောင်မသိဘူး။ Blog မပြောနဲ့ ကျွန်မ စီးပွားရေးတက္ကသိုလ်တက်တဲ့တစ်လျှောက်လုံး အင်တာနက်ဆိုတာ
သိတောင်မသိဘူး။ Computer တောင် အိမ်မှ အစ်မသင်ပေးလို့ သုံးတတ်တာ။ အင်တာနက်စသုံးဖြစ်တာကလည်း ၂၀၀၅ ခုနှစ်မှာ ညနေပိုင်းဖွင့်တဲ့
တက္ကသိုလ် (BARS) ကိုစတက်မှ တင်ရတဲ့ Assignment တွေအတွက် Data တွေလိုလို့ ဆရာတွေက
Internet မှာသွားရှာဆိုလို့ Internet စသုံးဖူးတာ။ Blog ဆိုတာကို ၂၀၁၀ မှာ အစ်မရှိတဲ့
စင်ကာပူကို အလည်သွားတော့မှ ဘုရားစူး စဖတ်ဖူးတယ်။ အဲဒီလောက် ကျွန်မခေတ်နောက်ကျခဲ့တာ။
ဒီပြန်ရောက်တော့ လည်း Blog တွေကို ပိတ်ထားတော့ ကိုယ်ကလည်း ဆိုဒ်မကျော်တတ်နဲ့ မဖတ်ဖြစ်တော့ပြန်ဘူး။
၂၀၁၂ မှာ Blog တွေကို စဖွင့်လို့ရတော့မှ Bloggerတွေ ရေးထားတာတွေကို လိုက်ဖတ်ရင်းနဲ့
ကျွန်မရဲ့ စာရေးချင်တဲ့ ရောဂါက ပြန်ထလာရော။ အဲဒါနဲ့ပဲ Blog လေးရေ.. မှတ်မှတ်ရရ ၂၀၁၂
ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှာ စပြီး ရေးဖြစ်ခဲ့တယ်ဆိုပါတော့။
ပထမတော့ ကိုယ်ရေးချင်တဲ့ အက်ဆေးလိုလို စာလေးတွေကို
ရေးရင်းနဲ့ ကိုယ်ရေးထားတာလေးတွေကို ပြန်ဖတ်၊ Blog လေးကို ထိုင်ကြည့်ရင်းနဲ့ ပီတိဖြစ်နေတာ။
နောက်တော့ ကိုယ့်ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ ဆရာတွေကို ပေးဖတ်နဲ့ မအားရဘူး။ အကိုတစ်ယောက်ဆို
သူ့ကို gtalk မှာ တွေ့တော့ Hi လုပ်ရုံပဲရှိသေးတယ်။ နင်က ငါ့ကို တွေ့တာနဲ့ Hi လုပ်မယ်
ပြီးရင် နင့် blog ဖတ်ခိုင်းမယ် မလားလို့ မေးတော့မှ ရှက်ပြီး ကိုယ့်အရှိန်ကိုယ်ပြန်သတ်ရတယ်။
အဲဒီကနေတဆင့် တစ်နေ့တစ်နေ့ ကိုယ့်ဆိုဒ်ကို ၀င်ကြည့်တဲ့သူဘယ်နှစ်ယောက်ရှိလဲဆိုတာ ထိုင်ကြည့်ရတာ
အလုပ်တစ်ခု၊ တစ်ချို့ဆိုရင် search engine မှာ ရှာရာက ကျွန်မရဲ့ ဘလော့ပါ ပေါ်လာလို့
မတော်တဆ ၀င်ကြည့်ရတဲ့ သူတွေလည်းရှိရဲ့။ အဲဒီလိုနဲ့ ပီတိဖြစ်လာလိုက်တာ ခုဆိုရင် တစ်နှစ်
ပြည့်သွားပါရောလား.. Blog လေးရေ။
ဘာပဲဖြစ်ဖြစ်.. ကျေးဇူးပါနော်.. နောက်နှစ်ပေါင်းများစွာတိုင်အောင်
ကျွန်မရဲ့ Blog လေးကို ရှင်သန်အောင် ရေလောင်းပေါင်းသင်ပေးမှာမို့… (ကိုရီးယားကားထဲက
စကားနဲ့ပြောရရင်) Blog လေးရေ.. ကျွန်မအတွက် အသက်ရှင်ပေးနေရမယ်နော်….
ချစ်ခင်စွာဖြင့်
အားပေးပါတယ်
ReplyDeleteအားပေးပါတယ်
ReplyDelete